Home > သတင်း > ကျန်းမာရေး > ယင်းမာပင်မြို့နယ်တွင် လ/ထ ပညာရေးမှူးအပါအဝင် အနံ့မရသူ ၂ ဦးထံမှ ကိုဗစ်ပိုးတွေ့

ယင်းမာပင်မြို့နယ်တွင် လ/ထ ပညာရေးမှူးအပါအဝင် အနံ့မရသူ ၂ ဦးထံမှ ကိုဗစ်ပိုးတွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မှာ အနံ့မရသူ ၂ ဦးထံကနေ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ခဲ့တယ်လို့ ယင်းမာပင်မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၂ ယောက်က နိုဝင်ဘာလ ၂၂ ရက်နေ့က အနံ့ပျောက်နေသဖြင့် ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး Test Kit နဲ့ စစ်ဆေးခဲ့ရာ လက်ထောက် ပညာရေးမှူးနှင့် သားဖြစ်သူမှာ (Positive) ပိုးတွေ့ရှိခဲ့တာပါ။

“သူတို့ကတော့ အရင်တခါတုန်းက ပိုးတွေ့လူနာရဲ့ကွင်းဆက်လို့ သုံးသပ်ထားတာပါ။ NLD အောင်နိုင်ရေး ပြန်ကြားရေးတာဝန်ခံနဲ့ ထိတွေ့သူပါ။ အဲဒီအိမ်က သူတို့အိမ်ကိုငှားထားတာ။ ငှားထားတော့ ပိုက်ဆံချေတာတို့၊ ဘာတို့၊ ပြန်အပ်တာတို့ လုပ်ကြတာ။ အဲဆီမှာလဲ ထိစပ်မှုတစ်ခုဖြစ်ခဲ့တာ။ ဒါပြီး မန္တလေးကို သူ့အမျိုးသားကျန်းမာရေးအရ ဆေးပြသွားသေးတယ်။ ဆေးပြသွားပြီး ပြန်လာ။ ပြန်လာပြီး အိမ်မှာ HQ ဝင်တယ်။ ယင်းမာပင်ဆေးရုံကို ပြတယ်။ ပြပြီးတော့ အနံ့မရဘူးဆိုပြီး ဆေးရုံကိုနောက်တစ်ခေါက် မနေ့က သွားပြတယ်။ Test Kit နဲ့စစ်တော့ ရောဂါပိုးတွေ့တာ။ ကျန်းမာရေးက ကောင်းတယ်။”လို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်ကပြောပါတယ်။

အဲဒီပိုးတွေ့လူနာနဲ့ထိတွေ့ဆက်စပ်သူ ၃၀ ကျော်ရှိနေပြီး သူတို့ကို Home quarantine ထားနေတယ်လို့လည်း သိရပါတယ်။

“သူတို့ထိတွေ့သူကတော့ များတယ်။ ကျွန်တော်တို့ရုံးတွေရော ရောက်တဲ့အနေအထားတွေ၊ ထောက်ပံ့ကြေးငွေပေးတဲ့ အနေအထားတွေလဲရှိခဲ့တယ်။ သူနဲ့ဆက်စပ်တဲ့သူတွေ ကျွန်တော်တို့လက်လှမ်းမိသလောက်တော့ Home quarantine ထားတယ်။ Swab နမူနာယူ စစ်ဆေးဖို့ စီစဉ်နေတယ်။”လို့လည်း ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၂ ဦးက ယင်းမာပင်မြို့၊ (ခ) ရပ်ကွက်နေဖြစ်တဲ့ လက်ထောက် ပညာရေးမှူး အမျိုးသမီးနဲ့ သူ့ရဲ့သားကိုတော့ ယင်းမာပင်မြို့နယ် ပြည်သူ့ဆေးရုံ (Isolated Ward) မှာ ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ယင်းမာပင်မြို့နယ် ကိုဗစ်အတည်ပြုလူနာ ၃၆ ဦးရှိပြီး အဲဒီထဲက ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၁ ဦးရှိပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်အချက်အရ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၂၈ မြို့နယ်မှာ ပိုးတွေ့လူနာဦးရေ ၆၃၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၄၉၅ ဦးနှင့် ကုသဆဲဦးရေ ၁၄၀ ဦးရှိကာ တိုင်းအတွင်း သေဆုံးသူတော့ မရှိသေးပါဘူး။

သူရိယထက်

error: Content is protected !!