Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကောလင်းစည်ပင်ဉက္ကဌအိမ် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိ

ကောလင်းစည်ပင်ဉက္ကဌအိမ် မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းညီအိမ်ကို နိုဝင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ ဘိန်းမဲအနည်းငယ်သာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ စည်ပင်ဥက္ကဌက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ ကောလင်းမြို့မှာ အရင်ကတည်းက ထင်ကြေးပေး ပြောဆိုမှုတွေလည်း ရှိပါတယ်။

“အရင်ကတည်းက အပြင်မှာတော့ လူတွေက ထင်ကြေးပေးနေတာတွေရှိတယ်။ မူးယစ်ရာဇဝင်တော့ မရှိဘူး။ ဖမ်းဆီးခံရတာတို့တော့ မရှိဘူး။ အခုမိတာကလည်း ကာယကံရှင်က သူ့ဟာမဟုတ်ဘူးတော့ ပြောတာပေါ့။ ဒါကတော့ ဥပဒေကြောင်းအရ တရားရုံးမှာ ရှင်းရမယ့်ကိစ္စပေါ့။ ဒါပေမယ့်လည်း သူ့အိမ်မှာမိတာကိုး။”လို့ ကောလင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကောလင်းမြို့မရဲစခန်း ဒုရဲမှုးမျိုးသူကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖမ်းတာတော့ ဟုတ်မှန်ကြောင်း ပြောဆိုခဲ့ပေမယ့် သတင်းထုတ်ပြန်ရေးကော်မတီမှာ မပါတဲ့အတွက် အသေးစိပ်ကို ဖြေဖို့အဆင်မပြေတဲ့အတွက် တိုင်းခရိုင်အဆင့်မှာပဲ စုံစမ်းကြည့်ဖို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ သတင်းတွေအရတော့ တစ်မနက်ထဲမှာ နယ်မြေခံရဲတပ်ဖွဲ့က တစ်ကြိမ်၊ ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က တစ်ကြိမ် ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာပါ။ မနက် ၇ နာရီခွဲအချိန်မှာ ကောလင်းမြို့မရဲစခန်းမှ ဒုစခန်းမှုး ရဲအုပ်ဇော်မိုးအောင် ဦးစီးအဖွဲ့က သက်သေတွေနဲ့အတူ မြို့နယ်ရဲတပ်ဖွဲ့မှုးရဲ့ မူးယစ်ဆေးဝါး နေအိမ်ဝင်ရောက်ရှာဖွေခွင့် ဝရမ်းအမှတ် (၁၄၀/၂၀၂၀) ဝင်ရောက်ရှာဖွေရာမှာ ဦမင်းညီရဲ့ အိပ်ယာပေါ်မှာ ခတ်ပုံလို့ယူဆရတဲ့ အလေးချိန် ၁ ဂရမ်ခန့် ၁ ထုပ်၊ ဘိန်းမဲခတ်ပုံပြုလုပ်ရာမှာ အသုံးပြုတဲ့ ငှက်ပျောညွန့်အမျှင်ခြောက် ၁၀ ဂရန်ခန့် ၁ ထုပ်၊ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဆက်လက်ရှာဖွေနေစဉ် ၁၀ နာရီခွဲခန့်အချိန်မှာ ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲအုပ်အောင်ဆန်းထူး ဦးဆောင်တဲ့အဖွဲ့က ရောက်ရှိလာပြီး ဆက်လက်ရှာဖွေရာမှာ နေအိမ်ခေါင်းရင်း ပစ္စည်းထားတဲ့ အဖီအဆောင်အတွင်း သစ်သားဘီဒိုထဲရှိ သုံပုံးအတွင်းကနေ ဘိန်းမဲခတ်ပုံပြုလုပ်ရာမှာ အသုံးပြုတဲ့ ငှက်ပျောညွန့်အမျှင်ခြောက် ၅၀ ဂရန်ခန့် ၁ ထုပ်၊ အိုဗာတင်းပုလင်းအတွင်း ဘိန်းမဲလို့ယူဆရတဲ့ အမဲရောင်အစေး ၄၀ ဂရမ်ခန့်တို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကောလင်းမြို့၊ စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမင်းညီကို ကောလင်းမြို့မရဲစခန်းက မယ(ပ)၁၉၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၆(ဂ) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

အခုဖမ်းဆီးရမိတဲ့ စည်ပင်ဥက္ကဌနဲ့ပတ်သက်လို့တော့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်ညွှန်ကြားရေးမှုး ဦးသစ်ထူးမြင့်က “ဟုတ်တယ်။ ကျွန်‌ေတာ်တို့ကတော့ ဥပဒေနဲ့မညီဘူးဆိုရင်တော့ သူ့ကို အလုပ်တာဝန်ကနေရပ်စဲမှာပေါ့။မူးယစ်ဆေးအမှုဆိုတော့ ကျန်တာကတော့ ရဲနဲ့ပဲဆိုင်တော့တာပေါ့။”လို့ ပြောဆိုထားပါတယ်။

ကောလင်းမြို့က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများကာ မကြာခဏ ဖမ်းဆီးရမိလေ့ရှိပါတယ်။ တိုင်းအစိုးရ၊ လွှတ်တော်၊ တရားရေးနှင့် ဒေသခံပြည်သူတွေ တွေ့ဆုံပွဲတုန်းကလည်း ဒေသခံတစ်ဦးက မူးယစ်ဆေးဝါးအသုံးပြုရာမှာ သုံးတဲ့ ဆေးထိုးအပ်အဟောင်းတွေ စုထည့်ထားတဲ့ အပ်ပုံးကို ကိုင်ပြကာ မူးယစ်ဆေးဝါးကို ထိထိရောက်ရောက်နှိမ်နင်းပေးဖို့လည်း တောင်းဆိုခဲ့ဖူးပါတယ်။ ကိုဗစ်ကာလအတွင်းမှာလည်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုက အသွားအလာအကန့်အသတ်ကြောင့် လျော့နည်းတယ်ထင်ရပေမယ့် ဖမ်းဆီးရမိမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!