Home > သတင်း > ဒေသတွင်းသတင်း > ချင်းတွင်းမြစ်အတွင်း ဆီတင်မော်တော်ယာဉ်မီးလောင်ပြီး ကျပ်သိန်း ၂၀၀ နီးပါးဆုံးရှုံး

ချင်းတွင်းမြစ်အတွင်း ဆီတင်မော်တော်ယာဉ်မီးလောင်ပြီး ကျပ်သိန်း ၂၀၀ နီးပါးဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ အောင်မိုးကျေးရွာအနီး ချင်းတွင်းမြစ်အတွင်းမှာ ဆီတင်မော်တော်ယာဉ်တစ်စီးမီးလောင်မှု နိုဝင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ပါတယ်။ မုံရွာမြို့၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အထက်ပိုင်း ဥရုချောင်းရှိ နမ့်တောကျေးရွာကို ထွက်ခွာစဉ် မြစ်လယ်မှာ စက်ခန်းအတွင်း ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်တဲ့မော်တော်က ဝင်းဝင်းထက်အမည်ရ ကုန်တင်မော်တော်ဖြစ်ပြီး အရှည် ၁၅၀ ပေ၊ အနံ ၁၈ ပေခန့်ရှိကာ မော်တော်ပေါ်မှာ ဓာတ်ဆီပေပါ ၁၀ လုံး၊ ဒီဇယ်ဆီပေပါ ၃၇၀ လုံး၊ ဆန် ၂၀ အိတ်၊ သုံးဘီးဆိုက်တွဲယာဉ် (၅)စီး၊ ဆိုင်ကယ်(၂)စီးတို့တင်ဆောင်ခဲ့တာပါ။ မော်တော်ပေါ်မှာ လူ ၁၀ ဦးလိုက်ပါခဲ့ပြီး မီးလောင်လို့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့သတင်းတွေအရ သိရပါတယ်။ မီးလောင်မှုကို တိုင်းမီးသတ်ဦးစီးမှုး ဦးမင်းစမ်းအေး ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင် မီးသတ်ယာဉ်တစ်စီး၊ မီးသတ်ရေယာဉ်တစ်စီး၊ လူ ၁၀၀ ဝန်းကျင်နဲ့ အချိန် ၂ နာရီခန့်အကြာ ငြိမ်းသတ်ခဲ့ရတာပါ။ မီးလောင်မှုကြောင့် ကျပ်သိန်း ၂၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးပေါ့ဆသူကိုလည်း သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်အရေးယူနိုင်ဖို့ စီစဉ်နေတယ်လို့ မီးသတ်ဦးစီးဌာနသတင်းတွေအရ သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!