စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်မှာ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမျိုးသမီးတစ်ဦး ဓားထိုးခံရတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်အောင်စိုးက ပြောပါတယ်။
ဓားထိုးခံရတဲ့ အမျိုးသမီးက ဒေါ်ညိုညိုသန်းဖြစ်ပြီး နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ယင်းမာပင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၁) နေရာကနေ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့ညက နေအိမ်မှာ အိပ်နေစဉ် တစ်ရွာထဲနေသူတစ်ဦးကနေ ရန်ငြိုးရန်စမရှိဘဲ အိမ်ထဲကို ဝင်ရောက်ကာ ဓားနဲ့ထိုးခဲ့တာလို့ သိရပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေတော့ မရရှိခဲ့ဘူးလို့ သိရပါတယ်။
“ဓားထိုးခံရတဲ့အမျိုးသမီးက သူ့အိမ်ထဲမှာ အိပ်နေတုန်း ည ၁၂ နာရီထိုးလောက်မှာ ဝင်ပြီးတော့ ဓားနဲ့ထိုးတာ။ ရွာက ဝိုင်းပြီးဖမ်းတော့ တရားခံကို ဖမ်းမိပါတယ်။ တစ်ရွားတည်းသားချင်းက ထိုးတာပါ။ ယင်းမာပင်မြို့နယ်၊ ကျောက်ပြုတ်ကျေးရွာမှာဖြစ်ခဲ့တာပါ။ ဘာမှလည်း ရန်ညှိုးရန်စမရှိပါဘူး။ နိုင်ငံရေးနဲ့ ပက်သက်တာပါပဲ။ ရင်ဘက်ကို ဓားနဲ့ သုံးချက်ထိုးတယ်။ ဖြစ်ချင်တော့ စောင်က ထူနေတော့ မထိုးမိလိုက်ဘူး။ သုံးချက်မြောက်ထိုးမယ်လုပ်တော့ ဓားကို ဆွဲပြီးတော့ လုလိုက်တာ။ လက်သုံးချောင်းကတော့ ပြတ်ထွက်သွားတယ်။ ညတွင်းချင်း အမှုဖွင့်ပြီးပါပြီ။”လို့ ယင်းမာပင်မြို့နယ်တွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်အောင်စိုးက ပြောပါတယ်။
အခုလို နေအိမ်ကို ညအချိန်မတော်ဝင်ရောက်ပြီး ဓားနဲ့ထိုးခဲ့သူကိုတော့ ဖမ်းဆီးကာ ရဲစခန်းမှာ ချုပ်နှောင်ထားပြီး အမှုဖွင့်ကာ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြလုပ်နေတယ်လို့ သိရပါတယ်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာရှိတဲ့ မဲဆန္ဒနယ်မြေ ၁၂၅ နေရာအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးချယ်ခံရတာတဲ့ မဲဆန္ဒနယ်တော့ မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲကာလအတွင်း ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ စည်းရုံးရေးလုပ်ဆောင်မှုလည်း နည်းခဲ့သလို ပြဿနာတက်တာတွေလည်း သိပ်မရှိခဲ့ဘူးလို့ သိရပါတယ်။
မျက်မှောက်ခေတ်