Home > သတင်း > တရားဉပဒေစိုးမိုးရေး > မော်လိုက်မြို့နယ် ထွေ/အုပ်ဝန်ထမ်းတစ်ဦး မဲလက်မှတ်မရလို့ ကြိုတင်မဲပေးခွင့်ဆုံးရှုံး

မော်လိုက်မြို့နယ် ထွေ/အုပ်ဝန်ထမ်းတစ်ဦး မဲလက်မှတ်မရလို့ ကြိုတင်မဲပေးခွင့်ဆုံးရှုံး

သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်တွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ကော်မရှင်အချင်းချင်း ချိတ်ဆက်မှု အားနည်းလို့ နိုင်ငံ့ဝန်ထမ်းအပါအဝင် နိုင်ငံသားအချို့ မဲပေးခွင့် ဆုံးရှုံးမှုတွေ ရှိနေပါတယ်။ အချိန်မှီ ပုံစံ ၁၅ နဲ့ ကြိုတင်မဲအတွက် လျှောက်ထားခဲ့ပေမယ့် နိုဝင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းထိ ကြိုတင်မဲလက်မှတ်က မရရှိခဲ့ပါဘူး။

“ကျွန်တော်က ဝန်ထမ်းဖြစ်လို့ တာဝန်ကျတဲ့ဆီမှာ ရောက်နေတယ်။ အဲဒါကြောင့် ပုံစံ ၁၅ နဲ့ အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက မြို့နယ်ကော်မရှင်မှာ လျှောက်ထားတယ်။ ဒီဖက်ကကော်မရှင်က သက်ဆိုင်ရာ ကော်မရှင်ကို ရောက်အောင် ပို့ပေးပြီးသား။ ဟိုဖက်က ပြန်ရောက်မလာတာ။ မနေ့က ကျွန်တော်ဖုန်းဆက်တော့လည်း ပြန်ဆက်ပေးမယ်ပြောတယ်။ ပြန်မဆက်ဘူး။ ဒီမနက်ဆိုကျွန်တော်က တာဝန်ကျတဲ့ဆီကို သွားရတော့မယ်။ ကျွန်တော်နဲ့အတူတူလျှောက်သူတွေထဲက တချို့ကတော့ ကြိုတင်မဲ ရောက်လာတယ်။ အခုကတော့ အချိန်လည်းမရတော့ဘူး။”လို့ မဲပေးခွင့်ဆုံးရှုံးသွားသူ မော်လိုက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦစီးမှုး ဦးပိုင်ဖြိုးအောင်က ပြောပါတယ်။

ဒီအတွက် သက်ဆိုင်ရာ ကော်မရှင်တာဝန်ရှိသူတွေကို စိစစ်အရေးယူပေးစေချင်တယ်လို့ မဲပေးခွင့်ဆုံးရှုံးသွားတဲ့ နိုင်ငံ့ဝန်ထမ်းတစ်ဦးက ပြောဆိုလိုက်ပါတယ်။

“သူတို့တွေအလုပ်မလုပ်တာ တအားပေါ်လွင်နေတယ်။ ကော်မရှင်အချင်းချင်း ချိတ်ဆက်မှုက တအား အားနည်းတယ်။ နောက်တခုက ကျွန်တော်တို့ကို တာဝန်ယူပြီး ဖြေရှင်းပေးတာမရှိဘူး။ ပြီးရင် တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ်ပြီး အရေးယူပေးဖို့ ပြောချင်ပါတယ်။ ကျွန်တော် မဲပေးခွင့်ဆုံးရှုံးသွားပါပြီ။”လို့ သက်ဆိုင်ရာကော်မရှင်တွေရဲ့ ပေါ့လျော့မှုကြောင့် နိုင်ငံသားတစ်ယောက်ရဲ့ မဲပေးပိုင်ခွင့်ဆုံးသွားသူ ဦးပိုင်ဖြိုးအောင်က ပြောပါတယ်။

ဦးပိုင်ဖြိုးအောင်ရဲ့ မဲစာရင်းက မုံရွာမှာပါပြီး မော်လိုက်မြို့ကို အပြောင်းကျလို့ ပြောင်းခဲ့ရတဲ့အတွက် ပုံစံ ၁၅ နဲ့ ကြိုတင်မဲကို တခြားအကြောင်းအမျိုးမျိုးကြောင့် ရောက်လာသူတွေနည်းတူ မဲစာရင်းဒုတိယအကြိမ်ကြေငြာချိန် နောက်ဆုံးရက်ဖြစ်တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က လျှောက်ထားခဲ့တာလို့ သိရပါတယ်။ မြို့နယ်ကော်မရှင်ကတော့ အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက သက်ဆိုင်ရာမြို့နယ်ကော်မရှင်အသီးသီးကို ပေးပို့ပြီးဖြစ်တယ်လို့ သိရပါတယ်။ မော်လိုက်မြို့နယ်မှာ မဲပေးခွင့်ရှိသူစုစုပေါင်း ၄၀၃၄၆ ဦးရှိပြီး ပုံစံ ၁၅ နဲ့ မဲစာရင်းလျှောက်ထားသူ ၁၅ ဦးဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိကျတဲ့အဖြေတော့ မရရှိခဲ့ပါဘူး။

မော်လိုက်မြို့နယ်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းသီဟသန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ “မော်လိုက်မြို့နယ်ကော်မရှင်မှာတော့ လက်ကျန်မရှိတော့ပါဘူး။ အားလုံးကို ပေးပို့ထားပြီးသားဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်ကတည်းက ပေးပို့ထားပြီးသားဖြစ်ပါတယ်။ ပြောရရင်တော့ တနိုင်ငံလုံးရင်ဆိုင်ကြုံတွေ့ရတဲ့ ပြဿနာလို့ ပြောရမှာပေါ့။ အနားကပ်မှ ကိုဗစ်၁၉ကြောင့်ဆိုပြီး အရေးပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အစီအစဉ်နဲ့ ပုံစံ ၁၅ လျှောက်တဲ့လုပ်ငန်းစဉ် ပေါ်ပေါက်လာတာ။ ဆိုတော့တနိုင်ငံလုံး ခရီးလမ်းဝေးကွာတဲ့ နေရာတွေမှာ မဲလက်မှတ်မရောက်သေးတဲ့ ပြဿနာတွေ၊ ဒီကြားထဲ စာတိုက်လမ်းကြောင်းနဲ့ သွားရတာဖြစ်တဲ့အတွက် လမ်းကြောင်းကြန့်ကြာမှုတွေကြောင့် မရောက်သေးဘူးဘာညာဆိုတဲ့ ပြဿနာတွေ ဖြစ်နေတာပေါ့။”လို့ ပြောပါတယ်။

  ဒီအတွက်လည်း လမ်းခရီးနှောင့်နှေးကြန့်ကြာတာတွေလည်း ရှိနေပါတယ်။ မုံရွာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အနေနဲ့တော့ လျှောက်ထားသမျှကို အရဲစွန့်ပြီး ပို့ပေးနေတယ်လို့ ကော်မရှင်ဉက္ကဌက ပြောပါတယ်။

“ပုံစံ ၁၅ နဲ့လျှောက်တာက ကပ်လျှောက်ရင်တော့ မရဘူး။ သီတင်းကျွတ်ပိတ်ရက်က ၅ ရက်ခံသွားတယ်။ ကားလိုင်းတွေကလည်း ရှားတယ်။ အမြန်ချောပို့တွေကလည်း မရှိဘူး။ တချို့မြို့နယ်တွေဆို အမြန်ချောမရောက်ဘူး။ စာတိုက်က ရိုးရိုးပဲသွားရတာ။ သီတင်းကျွတ်ပါးနီးမှ ကပ်လျှောက်တယ်ဆိုရင် ရောက်ဖို့ကတော့ တအားခက်တယ်။ စဉ်းစားသာ ကြည့်တော့။ အောက်တိုဘာ ၁၀၊ ၁၁၊ ၁၂ ကို လျှောက်တယ်ဆိုရင် သေချာတယ်။ အောက်တိုဘာ ကျောင်းပိတ်မှ ကပ်လျှောက်ရင်တော့ ပိတ်ရက် ၅ ရက်ခံတာနဲ့တော့ သိပ်မလွယ်ဘူးလို့ ပြောရမှာပဲ။ ကပ်လျှောက်တဲ့လူတွေက ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နေပြည်တော်ဆိုရင် လွယ်တယ်။ ကျန်တဲ့ နယ်မြို့လေးတွေကျ တအားခက်တာပေါ့။ မရတာ အဲဒီလူတွေ မရမှာဘဲ။”လို့ မုံရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးစိန်လွင်က ပြောပါတယ်။

“တကယ်လို့ အချိန်ကြောင့်လို့ ပြောရရင် အတူတူလျှောက်တဲ့သူတချို့ကျတော့ ကြိုတင်မဲလက်မှတ်ရတယ်။ ကျွန်တော့်အတွက်က ရောက်မလာခဲ့ဘူး။ မပါလာခဲ့ဘူး။ ဒီဖက်မော်လိုက်ကတော့ တာဝန်ကျေတယ်။ ပို့ပေးတယ်ပေါ့။ မုံရွာကော်မရှင်ကတော့အချိန်မှီပေးပို့နိုင်ခြင်းမရှိဘူး။ လမ်းပန်းဆက်သွယ်ရေးအကြောင်းပြရင်လည်း တခြားသူတွေရဲ့ လက်မှတ်ကျ ဘာလို့ရောက်လာခဲ့လဲဆိုတာ မေးစရာရှိတာပေါ့။ ကြားထဲရုံးပိတ်ရက်ရှိတာ မှန်တယ်။ ကျွန်တော်တို့လည်း ရုံးပိတ်ရက်တွေမှာ အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေပဲ။ သူတို့အနေနဲ့ အလုပ်မလုပ်ဘူးဆိုတာ ပေါ်လွင်တာပေါ့။”လို့ ဒုဦးစီးမှူး ဦးပိုင်ဖြိုးအောင်က ပြောပါတယ်။

လက်ရှိမှာ ဦးပိုင်ဖြိုးအောင်ကတော့ တာဝန်ကျတဲ့ကျေးရွာတွေကို နယ်မြေကွင်းဆင်းသွားနေပြီဖြစ်လို့ မဲပေးခွင့်ဆုံးရှုံးတာက သေချာသလောက်ဖြစ်သွားပြီလည်းဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဉပဒေအရ အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရှိတယ်လို့ ဖော်ပြထားပေမယ့် ပြည်တွင်းစစ်ပွဲကြောင့် နယ်မြေအေးချမ်းမှုမရှိတာ၊ ရွှေ့ပြောင်းသွားလာတာ စတာတွေကြောင့် ရွေးကောက်ပွဲမကျင်းပနိုင်ဘဲ မဲပေးခွင့်ဆုံးရှုံးရသူတွေ လူဦးရေ သန်းနဲ့ချီရှိနေသလို အခုလို တာဝန်ရှိသူတွေရဲ့ ချိတ်ဆက်မှုအားနည်းတာတွေကြောင့်လည်း မဲပေးခွင့် ဆုံးရှုံးရသူတွေလည်း ရှိနေတာပါ။ လက်ရှိအချိန်ထိတော့ မဲပေးခွင့်ရှိသူတချို့ မဲပေးခွင့်ဆုံးရှုံးနေရတဲ့အပေါ်မှာ အရေးယူဆောင်ရွက်တာလည်း မတွေ့ရသေးပါဘူး။ တဖက်မှာ မဲပေးခွင့်ဆုံးရှုံးနေပေမယ့် တဖက်မှာတော့ မဲစာရင်းနှစ်နေရာပါလို့ နှစ်ခါပေးတာတွေလည်း ရှိနေပါတယ်။ လက်ရှိမှာ ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲအသီးသီးက ကြိုတင်မဲတွေ ကောက်ယူနေသလို မဲရုံတွေလည်း နိုဝင်ဘာ ၈ ရက်နေ့အတွက် အပြီးသတ်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လုံခြုံရေးတွေနဲ့ စောင့်ကြပ်တာတွေလည်း ရှိနေပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!