Home > သတင်း > တရားဉပဒေစိုးမိုးရေး > စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲနဲ့ဆက်စပ်ပြီး ဆက်သွယ်ရေးဉပဒေနဲ့ တရားစွဲမှု အနည်းဆုံး ၄ မှုရှိနေ

၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၄) ခုမှာ ဆက်သွယ်ရေးဉပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားထားတဲ့အမှု (၄) ခုထိ ရှိလာနေပါတယ်။

စစ်ကိုင်းမြို့မှာ အလွတ်တန်းသတင်းထောက်တစ်ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ် စားလှယ်လောင်းက တိုင်းကြားတဲ့အမှု၊ လေရှီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်မှုဆောင်အဖွဲ့၀င်၊ ဘဏ္ဍာရေးမှူးကို လေရှီးမြို့နယ် နာဂအမျိုးသားပါတီက တိုင်ကြားထားတဲ့အမှု၊ ဆာလင်းကြီးမြို့နယ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာသိန်းနိုင်က ဒေသခံအ ရပ်သားတစ်ဦးကို တိုင်ကြားထားတဲ့အမှုနဲ့ မင်းကင်းမြို့နယ်၊ ကံကျေးရွာမဲရုံမှူးက NLD ပါတီ မဲရုံကိုယ်စားလှယ်ကို တိုင်ကြား ထားတဲ့အမှုတို့ ဖြစ်ပါတယ်။

စစ်ကိုင်းမြို့က အလွတ်တန်းသတင်းထောက်တစ်ဦးကို NLD ပါတီကိုယ်စားလှယ်လောင်းက ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားတဲ့ အမှုမှာ အလွတ်တန်းသတင်းထောက်အနေနဲ့ သူရဲ့ကိုယ်ပိုင်ဖေ့စ်ဘွတ် လူမှုကွန်ယက်စာ မျက်နှာမှာ NLD ပါတီကိုယ်စားလှယ်လောင်းကို ပုတ်ခတ်ရေးသားထားတဲ့အတွက် တိုင်ကြားတာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ဦးနှစ်ဖက်ပြေလည်မှု ရရှိတဲ့အတွက် တရားရုံးမှာ အမှုပိတ်သိမ်းဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းမြို့ အလွတ်တန်းသတင်းထောက် ဦးကိုကိုက ပြောပါတယ်။

“ပါတီကလူတွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့အခါ ပြေလည်သွားတဲ့အတွက် အမှုပိတ်သိမ်းဖို့ လုပ်ဆောင်နေတယ်။”လို့ ဦးကိုကို ကပြောပါတယ်။

လေရှီးမြို့နယ်က ၆၆ (ဃ) အမှုကတော့ မြို့နယ် NLD ပါတီအဖွဲ့၀င် ဘဏ္ဍာရေးမှူး ဦးမတ်ကျင်းက Moe Pan facebook အကောင့်ကနေ လေရှီးမြို့နယ် နာဂအမျိုးသားပါတီ အလုပ်မှုဆောင်အဖွဲ့၀င် တစ်ချို့ NLD ပါတီကို ပူးပေါင်းလာကြောင်း ရေးသားထားသလို DVB သတင်းဌာနမှာဖော်ပြထားတဲ့အတွက် အမှုဖွင့်တိုင်ကြားခဲ့တာလို့ သိရပါတယ်။ လက်ရှိမှာတော့ ပါတီ (၂) ခုကြားပြေလည်မှုရရှိအောင် Facebook မှာ မဟုတ်မှန်သ တင်းရေးသားခဲ့တဲ့ အကောင့်ပိုင်ရှင်ကို ပြန်လည်တောင်းပန်ဖို့ အကြောင်းကြားထား တယ်လို့ နာဂအမျိုးသားပါတီတာ၀န်ရှိသူ တစ်ဦးက ပြောပါတယ်။

“မြို့နယ် EC အဖွဲ့၀င်တွေကို မှာကြားထားပါတယ်။ ဒီသတင်းကို DVB ကနေရော ပြန်လည်ရုတ်သိမ်းပေးဖို့။ ပြီးတော့ သက်ဆိုင်ရာ မြို့နယ်ကိုယ်စားလှယ်လောင်းတွေကိုလည်း တောင်ပန်ဖို့ပေါ့။ အဓိက ကတော့အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ခေါင်းစဉ်အောက်က သွားချင်တာပါ။”လို့ နာဂအမျိုးသားပါတီ အထွေထွေအတွင်း ရေးမှူး ဦးစီလိုင်ထောင်း ကပြောပါတယ်။

ဆာလင်းကြီးမြို့နယ်က အမှုကတော့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောင်ယှဉ်ပြိုင်မယ့် ဒေါက်တာသိန်းနိုင်ရဲ့ လက်ကမ်းစာစောင်ကို ဓာတ်ပုံရိုက်ပြီး အောင်ဆန်းစုကြည်ပါတီဆိုပြီး မဲမဆွယ်ပါနဲ့လို့  Aung Kyaw Facebook အကောင့်ပိုင်ရှင်က ရေးသားမျှဝေခဲ့သလို Monywa Gazette သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခန်း အောက်မှာလည်း မဟုတ်မမှန် ကွန့်မ န့်တွေ ၀င်ရောက်ရေးသားခဲ့တဲ့အတွက် အမှုဖွင့် တိုင်ကြားရတာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်က ရွေးကောက်ပွဲဥပဒေနဲ့အညီ လက်ကမ်းစာစောင်ဝေခဲ့တာပေါ့။ ဒါကို သူက မဟုတ်တာတွေရေးပြီး Facebook ပေါ်တင်တယ်လေ။ ပြီးတော့ ဂေဇက်ကမေးတဲ့ တွေ့ဆုံခန်းအောက်မှာလည်း မဟုတ်တာတွေ ကွန့်မန့်၀င်ရေးတော့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာထိခိုက်လာလို့ အမှုဖွင့်လိုက်တာပါ။”လို့ ဆာလင်းကြီးမြို့နယ်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာသိန်းနိုင် ကပြောပါတယ်။

မင်းကင်းမြိုနယ်မှာ တိုင်ကြားထားတဲ့ အမှုကတော့ မင်းကင်းမြို့နယ်၊ ကံကျေးရွာ တာ၀န်ကျ မဲရုံမှူး ဒေါ်နီလာစိုးကနေ တရားလိုလုပ် တိုင်တန်းထားတာြဖစ်ပါတယ်။ မဲလာပေးသူရဲ့ ကိုယ်စား  မဲရုံမှူးက တံဆိပ်တုံး ထုပေးခဲ့တယ်ဆိုပြီး NLD ပါတီ မဲရုံကိုယ်စားလှယ်က MinKin Now သတင်း page မှာ ပြောကြားခဲ့တဲ့အတွက် မင်းကင်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပြီး အမှုဖွင့်ခံရသူကို အာမခံပေးထားကာ ဖုန်းနှစ်လုံး သိမ်းဆည်းထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အခု ရွေးကောက်ပွဲကာလအတွင်း နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မနဲ့ တရားစွဲဆိုထားတဲ့ အမှုတွေအပါအ၀င် တခြားရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်တိုင် ကြားထားတာတွေလည်း အမြောက်အများ ရှိနေပါတယ်။ တိုင်းအတွင်းက မင်းကင်း၊ ဆားလင်းကြီး၊ ဝန်းသို၊ ဗန်းမောက်၊ ဟုမ္မလင်း၊ ခန္တီး၊ ရွှေဘို၊ ကလေး စတဲ့မြို့နယ်တွေအပြင် တခြားမြို့နယ်တွေမှာလည်း နိုင်ငံရေးပါတီအချင်းချင်း၊ နိုင်ငံရေးပါတီတွေနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေအကြား ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်နေပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!