Home > သတင်း > တိုင်းရင်းသားကဏ္ဍ > ခန္တီးမြို့တွင် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် အင်အားပြမဲဆွယ်

ခန္တီးမြို့တွင် နိုင်ငံရေးပါတီတွေ အပြိုင်အဆိုင် အင်အားပြမဲဆွယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေက အပြိုင်အဆိုင် အင်အားပြ မဲဆွယ်တာတွေ ပြုလုပ်လာနေကြပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကား၊ ဆိုင်ကယ်တွေနဲ့ လူဦးရေ ၃၀၀ ကျော်က မဲဆွယ်အင်အားပြ လှည့်လည်ခဲ့သလို နာဂအမျိုးသားပါတီကလည်း နိုဝင်ဘာလ ၄ ရက်နေ့မှာ လူအင်အား ၅၀၀ ဝန်းကျင်နဲ့ ကား၊ ဆိုင်ကယ်တွေနဲ့ စီတန်းကာ ဇီးဖြူကုန်း ရိုးရာအားကစားကွင်းကနေ ခန္တီးတံတား ဆင်သေရွာထိ အင်အားပြလှည့်လည်ခဲ့ပါတယ်။ နိုဝင်ဘာလ ၅ ရက်နေ့မှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ခန့်မှန်းလူအင်အား ၁ ထောင်ဝန်းကျင်နဲ့ ကား၊ ဆိုင်ကယ်တွေအသုံးပြုကာ လှည့်လည် အင်အားပြခဲ့ကြတာပါ။

ရွေးကောက်ပွဲကလည်း ရက်ပိုင်းသာကျန်တော့တဲ့အချိန်မှာ ခန္တီးမြို့မှာ နိုင်ငံရေးပါတီတွေရဲ့ အင်အားပြမဲဆွယ်မှုက ပြင်းထန်လာနေတာပါ။ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကလည်း မြင့်တက်နေပြီး လက်ရှိမှာ ကြိုတင်မဲတွေလည်း ကောက်ခံနေပြီဖြစ်ပါတယ်။ ခန္တီးမြို့နယ်က ကျောက်စိမ်း၊ ပယင်း စတဲ့ ရတနာတွေ ထွက်ရှိတာကြောင့် အနယ်နယ်အရပ်ရပ်ကနေ လာရောက်အလုပ်လုပ်ကိုင်သူတွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေလည်း များစွာရှိပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာတော့ ခန္တီးမြို့နယ်မှာ ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ နာဂအမျိုးသားပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ စတဲ့နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ခန္တီးမြို့နယ်အနေနဲ့ ရွေးကောက်ပွဲမှာ မဲပေးနိုင်သူဦးရေ ၃၁၃၈၄ ဦးရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်က သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)၊ ခန္တီးမာန်

error: Content is protected !!