စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့၊ မိုးကောင်းရပ်ကွက်မှာ ဒီကနေ့ နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက Quarantine ဝင်ရောက်နေသူ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့မှု ဖြစ်ပေါ်ခဲ့ပါတယ်။ သေဆုံးသူအမျိုးသားအပါအဝင် မိသားစုဝင် ၃ ယောက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ စံခါးကျေးရွာ ဌက်ပျောတောမှာ အလုပ်လုပ်ပြီး ပြန်လာရာ သူတို့ကို ကျေးရွာက လက်မခံတာကြောင့် မိုးကောင်းရပ်ကွက် မြို့မ (၁) အထကခွဲကျောင်း Facility Quarantine Center မှာ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး Quarantine ဝင်နေသူတွေဖြစ်ပါတယ်။
“ကျွန်တော့်ဆီသတင်းပို့တာ ဒီနေ့ နံနက် ၆ နာရီ ၁၅ မိနစ်က သတင်းပို့တယ်။ ကျွန်တော်သွားရောက်ကြည့်တော့ သူကကြိုးဆွဲချသေဆုံးတာကို တွေ့ရတယ်။ အရင်ကလည်း စိတ်နည်းနည်းကြောင်ပြီးတော့မှ ညတိုင် ထထပြီးတော့ ပြေးလို့ သူ့မိန်းမက ဆွဲဆွဲထားရတယ်လို့ပြောတယ်။ အဲဒါဆိုတော့ မနက်မိုးလင်းမှ သူ့မိသားစုကအပြင်ကို မျက်နှာသစ်ဖို့အတွက် ထွက်တဲ့အချိန်မှာ သူက ကြိုးတန်းလန်းနဲ့ ဆွဲကြိုးချနေတာကို တွေ့ရတာ။”လို့ တယ်လို့ ပင်လည်ဘူးမြို့ မိုးကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံမြက ပြောပါတယ်။
သေဆုံးသူအမျိုးသားရဲ့မိသားစု ၃ ယောက်ကို Quarantine ထားတာမှာ မိသားစုဖြစ်လို့ သီးသန့်ခန်းတစ်ခန်း ပေးထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
“သေဆုံးသူအမျိုးသားကို မြို့နယ်ဆရာဝန်ကြီးတို့က ကိုဗစ်ပိုးရှိမရှိစစ်တယ်။ စစ်တော့ ရောဂါပိုးမတွေ့ရဘူး။ မတွေ့တော့ ပင်လည်ဘူးမြို့က လူမှုကူညီရေးအသင်းကားနဲ့ဒီနေ့ ၁၂ နာရီ မီးသဂြိုလ်သွားမယ်။”လို့ ဦးစံမြကပြောပါတယ်။
သေဆုံးသူမှာ အသက် ၃၁ နှစ်အရွယ် ကိုဖိုးသေးဆိုသူ အမျိုးသားတစ်ဦးဖြစ်ပြီး ပင်လည်ဘူးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ နေထိုင်သူဖြစ်သည်။ ဒီကိစ္စနဲ့ပတ်သက်လို့ သေဆုံးသူအမျိုးသားကို ပင်လည်ဘူးမြို့မရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် သိရှိနိုင်ရန် သေမှုသေခင်းအမှတ်စဉ် ၁၄/၂၀၂၀ နဲ့ ရေးဖွင့်ဆောင်ရွက်လျက်ရှိတယ်လို့လည်း သတင်းရရှိပါတယ်။
ယခုလက်ရှိ ပင်လည်မြို့၊ မိုးကောင်းရပ်ကွက် မြို့မ (၁) အထကခွဲကျောင်း Facility Quarantine Center မှာ သေဆုံးသူအမျိုးသားအပါအဝင် Quarantine ဝင်နေသူ ၂၅ ဦးရှိတယ်လို့လည်း သိရပါတယ်။
ပိုတေး