Home > သတင်း > ကျန်းမာရေး > ကျွန်းလှမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေ့ရှိ၊ ကလေးမြို့တွင် ပိုးတွေ့လူနာ ၁၅ ဦးထပ်တိုး

ကျွန်းလှမြို့တွင် ပထမဆုံး ကိုဗစ်လူနာတွေ့ရှိ၊ ကလေးမြို့တွင် ပိုးတွေ့လူနာ ၁၅ ဦးထပ်တိုး

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့မှာ ကိုဗစ်အတည်ပြုလူနာ ပထမဆုံးတွေ့ရှိရတယ်လို့ ကျွန်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ပိုးတွေ့လူနာနှစ်ယောက်ဖြစ်ပြီး အမျိုးသမီးတွေဖြစ်ကာ တစ်ယောက်က ရန်ကုန် မှန်ဘီလူးစက်ရုံက ပြန်လာသူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မန္တလေးက စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ပြီး ပြန်လာသူဖြစ်ကာ အားလုံးကို ကျွန်းလှမြို့ ရွှေကျွန်းသာခန်းမမှာ ကွာရင်တင်းထားရှိသူတွေဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်ပြန် ၉ ဦး၊ ပြည်ပပြန် ၃ ဦးနှင့် မန္တလေးက ပြန်လာသူ ၁၁ ဦးတို့ကို ကွာရင်တင်းထားရှိပြီး ၁ ရက်နေ့က နှာခေါင်းအာခေါင်တို့ဖတ်ရယူ စစ်ဆေးခဲ့ရာမှာ ၂ ဦးမှာ ရောဂါပိုးတွေ့ရှိတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုးတွေ့လူနာတွေကို မြို့နယ်ပြည်သူ့ဆေးရုံကို ပြောင်းရွှေ့ကုသပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အထက်ချင်းတွင်းဒေသ ကလေးမြို့မှာ ဒီကနေ့ နေ့လည်ပိုင်းလောက်က ပိုးတွေ့လူနာ ၁၅ ဦး ထပ်တိုးတွေ့ရှိခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ စိုးမိုးထွေးက ပြောပါတယ်။ အဲဒီပိုးတွေ့လူနာတွေဟာ သံသယရှိလို့ နိုဝင်ဘာလ ၁ ရက်နေ့က ကလေးတက္ကသိုလ်မှာ Quarantine ထားရှိပြီး အဲဒီနေ့ ညနေပိုင်းက Swab ယူကာ ဒီကနေ့ ကလေးမြို့ပြည်သူ့ဆေးရုံမှာ စစ်ဆေးခဲ့ရာမှာ  ရောဂါပိုးတွေ့ရှိခဲ့တာပါ။ “သူတို့အားလုံးကတော့ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်ပါ။ သံသယရှိလို့ Swab နမူနာ ရယူစစ်တော့ ရောဂါပိုးတွေ့တာ။ သူတို့အားလုံးရဲ့ကျန်းမာရေးကတော့ ကောင်းတယ်။”လို့ ဒေါက်တာစိုးမိုးထွေးက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၁၅ ဦးကို ကလေးမြို့ တိုင်းရင်းဆေးရုံကို ပို့ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ပိုးတွေ့လူနာတွေဟာ ကလေးမြို့ တပ်ဦးသီတာရပ်ကွက်မှ အသက်အငယ်ဆုံး ၁ နှစ်ခွဲကနေ အသက် ၅၈ နှစ်ထိ ပါဝင်ပါတယ်။ ကလေးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၇၂ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၄၅ ဦးရှိကာ ဆေးကုသမှုခံယူနေသာသူ ၂၇ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြိးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြိုနယ် ၂၆ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၇၃ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၉၄ ဦးရှိကာ ဆေးကုသဆဲသူ ၇၉ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြိးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး၊ အေပီတီ

error: Content is protected !!