စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများပြည်သူ သောက်သုံးနေတဲ့ သောက်သုံးရေးတွေမှာ Ecoli ပိုးရှိမရှိစစ်ဆေးမှုကို စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ်ပေါင်း ၃၇ မြို့နယ်ထဲက ကျေးရွာပေါင်း ၅၉၆၈ ကျေးရွာကို စစ်ဆေးမှာဖြစ်တယ်လို့ တိုင်းကျေးလက်ဦးစီးဌာနက သိရပါတယ်။ ပထမဆုံးအနေနဲ့ ကနီ၊ ကျွန်းလှမြို့နယ်တွေမှာ ၈ လပိုင်းက Ecoli ပိုးရှိမရှိ Ecoli Test Kits နဲ့ စစ်ဆေးနေကာ ယခုအခါ ၉ လပိုင်းကစပြီး ကျေးရွာပေါင်း ၆၁၀ ကို အခုလအကုန် အပြီးစစ်ဆေးသွားမှာဖြစ်ပါတယ်။
“ကျွန်မတို့တိုင်းမှာ Ecoli ပိုးစစ်ဆေးနေပါတယ်။ ရေထဲမှာပါတဲ့ ဘက်တီးရီးယာပိုးတွေရှိမရှိ သိချင်လို့ဖြစ်ပါတယ်။ Ecoli ပိုးကို အရင်ဆုံး ၈ လပိုင်းလောက်က ကနီနဲ့ ကျွန်းလှမြို့နယ်တွေမှာ စစ်နေပါတယ်။ ကျန်တဲ့မြို့နယ်တွေ ၉ လပိုင်းလောက်က စတင်စစ်ဆေးနေပါတယ်။ ကျန်တဲ့ရွာတွေကိုတော့ ထပ်စစ်ဆေးသွားမှာဖြစ်ပါတယ်။ နောက်ဆုံးပြီးစီးမှုခန့်မှန်းချက်ကတော့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ပြီးစီးအောင်စစ်မယ်လို့ ခန့်မှန်းထားတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အိခင်ညိုက ပြောပါတယ်။
Ecoli ပိုးက သောက်သုံးရေတွေထဲမှာ တွေ့ရှိရင် အများဆုံးဖြစ်နိုင်တဲ့ ဝမ်းကိုက်ရောဂါ၊ ဗိုက်နာ၊ ဗိုက်ရစ်နာစတဲ့ ရောဂါလက္ခဏတွေ ဖြစ်ပေါ်တတ်တယ်လို့လည်း သိရပါတယ်။
“Ecoli ပိုးစစ်ဆေးမှုက ရွာတွေမှာ အများဆုံးအသုံးပြုနေတဲ့ ရေအရင်းအမြစ်ပေါ့။ ရေတွင်းမဟုတ်သလို ရေကန်ရယ်လို့လဲမဟုတ်ပါဘူး။ ရွာရဲ့အဓိက အများဆုံးသုံးနေတဲ့ ဟာလေးကို အဓိကထား စစ်ဆေးနေပါတယ်။ စစ်ဆေးတဲ့အခါ တချို့ပိုးတွေ့တဲ့ဟာမျိုးလဲ ရှိပါတယ်။”လို့လည်းပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ Ecoli ပိုးစစ်ဆေးမှုဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပုံမှန်လုပ်ငန်းစဉ်တွေအနေနဲ့ ၂၀၁၈ ခုနှစ်ကစပြီး ကျေးရွာတွေကို သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့ ရည်ရွယ်ပြီးတော့ သောက်သုံးရေတွေ သန့်မသန့် လုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။ သောက်သုံးရေ သန့်မသန့် စစ်ဆေးမှုကို လက်ရှိ Ecoli စစ်ဆေးတာအပါအဝင် ပုံစံအမျိုးအစား ၁၃ မျိုးနဲ့ စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဌာနဘတ်ဂျက်တွေနဲ့ အဓိကထား လုပ်နေတဲ့ရွာတွေကို အဓိထားပြီးတော့ ရေသန့်မသန့် စစ်ပေးနေတယ်။ ရေမသန့်ဘူးဆိုရင် ရေသန့်စင်တဲ့နည်းလမ်းတွေ လုပ်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။
ပိုတေး