Home > သတင်း > ဒေသတွင်းသတင်း > အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မုံရွာတွင် ကမ်ပိန်းပြုလုပ်

အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် မုံရွာတွင် ကမ်ပိန်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ IFES အဖွဲ့နှင့် ရောင်ခြည်သစ် ဖြူစင်နှလုံးသားအဖွဲ့တို့ ပူးပေါင်းကာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးအတွက် ဒို့အသံနဲ့ပံ့ပိုးမယ် ကမ်ပန်းကို အောက်တိုဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာ၊ စက်မှုဇုန်ရပ်ကွက်၊ ဒေါနခြံရပ်ကွက်၊ သလ္လာရပ်ကွက်၊ ကန်သာဦးရပ်ကွက်နှင့် ကန်သာယာ စတဲ့နေရာတွေမှာ တီရှပ်ဝေတာ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာ၊ အသိပညာပေးဟောပြောတာတွေကို ပြုလုပ်ခဲ့ကြတာပါ။

“မြန်မာနိုင်ငံကြီးမှာ အမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတယ်။ နည်းမျိုးစုံနဲ့ ဖယ်ကျဉ်ခံရတယ်။ ကိုယ့်နိုင်ငံမှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် ထက်ဝက်ကျော်နေတယ်။ ဒါပေမယ့် ၂၀၁၅ တုန်းက လွှတ်တော်တွေမှာ အမျိုးသမီးပါဝင်နှုန်းက ၁၆ ရာခိုင်နှုန်းပဲရှိတယ်။ သူတို့မလိုချင်တဲ့နေရာမှ နေရတယ်။ အမျိုးသမီးတွေကို အိမ်ထဲမှာပဲနေရမယ်။ အိမ်ထောင်သားမွေးပဲနေရမယ်။ ဘာမှအလုပ်လုပ်စရာမလိုဘူး။ ကိုယ်စားလှယ်အဖြစ်နဲ့ လာစရာမလိုဘူးဆိုတာတွေ ရှိတယ်။ အမုန်းစကားတွေလည်း အများကြီးပြောခံရတယ်။ အဲဒါကို တို့တွေက ဘယ်ပါတီကဖြစ်ဖြစ် အမျိုးသမီးကိုယ်စားလှယ်တွေ ဒို့အသံနဲ့ ပံ့ပိုးမယ်။ အောင်မြင်အောင်မှုတွေ ရအောင် လုပ်ပေးမယ်ဆိုတဲ့ ကမ်ပိန်းလေးပါ။”လို့ ဦးဆောင်သူ ရောင်ခြည်သစ် ဖြူစင်နှလုံးသားအဖွဲ့မှ ဒေါ်ဝင်းက ပြောပါတယ်။

အခုလို ကမ်ပိန်းကို တစ်နိုင်ငံလုံးလုပ်တာဖြစ်ပြီး မုံရွာမြို့မှာတော့ နေရာ ၇ နေရာမှာ ဒီနေ့တစ်ရက်ထဲပြုလုပ်တာလည်း ဖြစ်ပါတယ်။ အမျိုးသမီးတွေကို အားလုံးက လစ်လျူရှုထားမယ်ဆိုရင် ဆိုးရွားတဲ့စကားလုံးအသုံးနှုန်းတွေ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေမှုတွေက​ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေကို ဆက်လက်ပြီး ခြိမ်းခြောက်အန္တရာယ်ပြုလာနိုင်ပါတယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေကလည်း အမျိုးသား ကိုယ်စားလှယ်လောင်းတွေနည်းတူ ရွေးကောက်ပွဲမဲဆွယ်မှုတွေကို အန္တရာယ်ကင်းကင်းလုပ်နိုင်ဖို့ အားလုံးအတူတူ ပံ့ပိုးပေးကြရေးကလည်း အရေးကြီးတဲ့အတွက် ဒီကမ်းပိန်းမှာ ပါဝင်ကြဖို့ ခရမ်းရောင်အစက်လေးကိုသုံးပြီး ၂၀၂၀ ရွေးကောက်ပွဲမှာပါဝင်မယ့် နိုင်ငံရေးပါတီတိုင်းက အမျိုးသမီး ကိုယ်စားလှယ်လောင်းတိုင်းကို ပံ့ပိုးပေးကြရအောင်လို့လည်း ကမ်းပိန်းဗွီနိုင်းတွေမှာ ရေးသားထားပါတယ်။

မုံရွာမြို့နယ်မှာတော့ အမျိုးသားလွှတ်တော်နေရာအတွက် အမျိုးသမီးကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော်နေရာအတွက် ၁ ဦး၊ တိုင်း ၁ နေရာအတွက် ၁ ဦး၊ တိုင်း ၂ နေရာအတွက် ၁ ဦး၊ ချင်းတိုင်းရင်းသားနေရာအတွက် ၁ ဦး၊ ရှမ်းတိုင်းရင်းသားအတွက် ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

လွင်မင်း၊ ဝေဟင်

error: Content is protected !!