Home > သတင်း > ဒေသတွင်းသတင်း > စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြိုတင်မဲစတင်ပေးရာမှာ မဲရုံပိတ်သိမ်းခဲ့ရတာအပြင် ပြဿနာတက်တဲ့ မဲရုံအချို့ရှိခဲ့

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြိုတင်မဲစတင်ပေးရာမှာ မဲရုံပိတ်သိမ်းခဲ့ရတာအပြင် ပြဿနာတက်တဲ့ မဲရုံအချို့ရှိခဲ့

အသက် ၆၀ နှစ်နဲ့အထက် ကြိုတင်မဲတွေကို တနိုင်ငံလုံးက ရွေးကောက်ပွဲကျင်းပရာနေရာတွေမှာ အောက်တိုဘာလ ၂၉ ရက်နေ့ကနေ စတင်ကာ ကောက်ခံနေပြီဖြစ်ပါတယ်။ အခုလို ကြိုတင်မဲကောက်ခံရာမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ မဲရုံပိတ်သိမ်းရတာတွေရှိခဲ့သလို ပြဿနာတက်တာတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ကြိုင်တင်မဲနဲ့ပတ်သက်လို့ ထီးချိုင့်၊ ရွှေဘိုမြို့နယ်၊ ဝက်လက်မြို့နယ်တွေမှာ ပြဿနာအနည်းငယ်တက်တာတွေရှိခဲ့ပြီး  မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာမှာတော့ ပြည်ခိုင်ဖြိုးပါတီဝင်နှင့် NLD ပါတီဝင်တို့ အချင်းများပြီး ထိုးကြိတ်တာတွေရှိခဲ့လို့ မဲရုံပိတ်သိမ်းရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာမှာ မဲဆန္ဒရှင်တစ်ဦးက မဲထည့်ရန်အတွက် သူနဲ့ဆွေမျိုးသားချင်တော်စပ်သူကို မဲထည့်ပေးရန် အကူအညီတောင်းခဲ့ကြောင်း အဲဒီကိစ္စကို ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ထောက်ပြခဲ့တဲ့အတွက် အငြင်းပွားခဲ့တာလည်း ဖြစ်ပါတယ်။

“မဲဆန္ဒရှင်က သူနဲ့ သားချင်းတော်တဲ့သူကို အကူအညီတောင်းလိုက်တာ။ အဲဒါကို ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ထောက်တဲသဘောမျိုးပါ။ အဲဒါနဲ့ ပက်သက်ပြီးတော့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို စာတင်မယ်ပြောတယ်။ ဒီနေ့ ပါတီတွေကို မြို့နယ်ကော်မရှင်ရုံးမှာ အစည်းအဝေးခေါ်ထားတာ ရှိပါတယ်။”လို့ ရွှေဘိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှုး ဒေါ်ရွှေရည်ဝင်းအိက ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့နယ်၊ ဘုမ္မနိုးကျေးရွာမှာရှိတဲ့ မဲရုံအတွင်းမှာ ပြဿနာတက်ခဲ့လို့ နေ့လည် ၁၂ နာရီလောက်မှာ မဲရုံကို ပိတ်လိုက်ရတဲ့အခြေအနေရှိခဲ့ပြီး ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ကျောက်ပျောက်ကျေးရွာမှာ မဲရုံအတွင်းကို ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အဝင်မခံခဲ့ဘူးလို့လည်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တာဝန်ရှိသူ ဦးစောလှထွန်းက ပြောပါတယ်။ “မုံရွာမြို့နယ် ဘုမ္မနိုးကျေးရွာမှာတော့ ပြည်ခိုင်ဖြိုးနှင့် NLDနဲ့ ဖြစ်တာ။ မဲရုံအတွင်းထဲကို အဝင်မခံတာကို မကျေမနပ်ဖြစ်ပြီးတော့ ပြောကြဆိုကြ ထိုးကြကြိတ်ကြတာလို့ ကြားတယ်။ နေ့လည် ၁၂ နာရီမှာတော့ မဲရုံကို ပိတ်ရတဲ့အထိ ရောက်သွားတယ်ကြားတယ်။ နောက်တစ်ခါ ဝက်လက်မြို့နယ် ကျောက်ပျောက်ကျေးရွာမှာတော့ ကျနော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲရုံအတွင်းကို အဝင်မခံဘူး။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက မဲရုံအတွင်းကို ဝင်ပြီးတော့ ကြည့်လို့ရတယ်။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ တာဝန်ရှိသူ ဦးစောလှထွန်းက ပြောပါတယ်။

ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းက မဲရုံအပြင်ထွက်ပေးဖို့ ပြောဆိုရာကနေ ဒေသခံပြည်သူနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတို့ကြား ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ မောင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးလှမြင့်က ပြောပါတယ်။

“သူက ကော်မရှင်ဉက္ကဌတွေ၊ အတွင်းရေးမှုူးတွေကို သတင်းမပို့ပဲ မဲရုံအတွင်းထဲကို ဝင်လာတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှုးဉပဒေအရ ကျနော်တို့က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ကျနော်ကို အပြင်ထွက်ဖို့ပြောတာ။ ဘယ်လိုပြောလည်းဆိုတော့ ခင်များမှာ တာဝန်မရှိဘူး ဘာညာနဲ့ ပြောတော့ ပြည်သူနဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ပဋိပက္ခဖြစ်သွားတာ။ အုပ်ချုပ်ရေးမှုးကို မောင်းထုတ်တယ်ဆိုတော့ ပြည်သူက မခံချင်တာပေါ့။ ကျနော်တို့ မောင်းကုန်းက မနေ့က ကြိုတင်မဲလာပေးတဲ့ဦးရေကတော့ ၁၅၈ ဦးရှိပါတယ်။ အေးအေးချမ်းချမ်းနဲ့ မဲထည့်နေတာကို သူလာမှ ပြဿနာတက်သွားတာ။”လို့ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးလှမြင့်က ပြောပါတယ်။

အခုလိုဖြစ်ခဲ့တဲ့အတွက် မဲပေးတာ နာရီဝက်လောက် ရပ်တန့်ခဲ့ရပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌတို့ လာရောက်ကာ ဖြန်ဖြေညှိနှိုင်းပေးခဲ့ရသေးတယ်လို့ သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တခြားပါတီတွေက တိုင်တန်းတာတွေ ရှိမရှိဆိုတာ မသိရသေးသလို NLD ပါတီအနေနဲ့ကတော့ ဘာဆက်လုပ်မယ်ဆိုတာ မြို့နယ်အောင်နိုင်ရေးကော်မတီနဲ့ ညှိနှိုင်းသွားမယ်လို့ ထီးချိုင့်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဟန်ကလည်း ပြောဆိုခဲ့ပါတယ်။

ကြိုတင်မဲနဲ့ပတ်သက်လို့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မင်းကင်းမြို့နယ်မှာတော့ ကြီးမားတဲ့ ပြဿနာတက်တာမတွေ့ရဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် ကသာ၊ စစ်ကိုင်း စတဲ့မြို့နယ်တွေမှာလည်း ကြိုတင်မဲနဲ့ပတ်သက်လို့ တံဆိပ်တုံးထုရာမှာ မှင်များလို့ မဲစာရွက်တွေ မှင်ပျံ့နှံ့တာလို ကိစ္စတွေလည်း ရှိခဲ့သလို မဲရုံတွင်း ပါတီတံဆိပ်၊ အင်္ကျီစတာတွေကြောင့် ကန့်ကွက်မှုတွေလည်း အနည်းငယ်ရှိခဲ့ပါသေးတယ်။ ကြိုတင်မဲတွေကို အောက်တိုဘာလ ၂၉ ရက်နေ့က နိုဝင်ဘာလ ၅ ရက်နေ့ထိ ကောက်ခံသွားမှာလည်း ဖြစ်ပါတယ်။

မျက်မှောက်ခေတ်

error: Content is protected !!