Home > သတင်း > တရားဉပဒေစိုးမိုးရေး > ကာဘိုးဖြစ်စဉ်နဲ့ပတ်သက်လို့ အနည်းဆုံး ၃ မှုဖွင့်ထားပြီး USDPနှင့် NLD တို့အပြန်အလှန်စွပ်စွဲ

ကာဘိုးဖြစ်စဉ်နဲ့ပတ်သက်လို့ အနည်းဆုံး ၃ မှုဖွင့်ထားပြီး USDPနှင့် NLD တို့အပြန်အလှန်စွပ်စွဲ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးစံပြကျေးရွာမှာ အောက်တိုဘာလ ၂၂ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်လှည့်လည်ရာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေနဲ့ NLD ပါတီဝန်းရံတဲ့သူတွေ ရုန်းရင်းဆံခတ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ်တစ်လုံး၊ ဆိုင်ကယ် ၃ စီးနဲ့ ကိုဗစ်စစ်ဆေးရေးဂိတ်လည်း ပျက်စီးခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ပါတီနှစ်ခုက အပြန်အလှန်စွပ်စွဲခဲ့ကြတာပါ။

“ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံတဲ့အင်အားပြအဖွဲ့က ကာဘိုးစံပြကျေးရွာအဝင်မှာ အသင့်စောင့်ဆိုင်းနေတဲ့ NLD ပါတီအင်္ကျီဝတ်ဆင်ထားတဲ့ လူဦးရေ ၁၅၀ ခန့်က ရွာအဝင်လမ်းမပေါ်မှာတက်ပြီးတော့မှ လမ်းပိတ်တာ၊ သီချင်းဆိုတာ၊ ကြိမ်းမောင်းတာတွေ လုပ်တာပေါ့။ အဲဒီဖြစ်စဉ်က ဘယ်လောက်အထိဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံတဲ့ အမျိုးသမီးနှစ်ဦးစီးလာတဲ့ ဆိုင်ကယ်ပေါ်က အမျိုးသမီးကိုဆွဲချပြီး သူတို့ ‌NLD အလံတွေနဲ့ ရိုက်နှက်တာအထိ ပြုလုပ်တာတွေရှိကြတယ်။ အဲဒီအချိန်အထိ ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံတဲ့သူတွေက သည်းခံပြီး ရွာထဲမှာ အဆင်ပြေပြေဝင်ခဲ့ကြတယ်။ အဲလိုနဲ့ပြီးပြီလားဆိုတော့ မပြီးသေးဘူး။ NLD ပါတီကို ဝန်းရံတဲ့သူတွေက နောက်ကနေ ဆိုင်ကယ်နဲ့လိုက်လာပြီးတော့ ပြည်ခိုင်ဖြိုးပါတီဝန်းရံတဲ့ ယာဉ်တန်းရှေ့ကိုရပ်ပြီးတော့မှ ကြိမ်းမောင်း၊ ရန်စတာတွေလုပ်တယ်။ NLD ပါတီဝန်းရံတဲ့သူတွေကပဲ ခဲနဲ့ထုတယ်။ ကားတစ်စီးမှန်ကွဲတာတို့၊ ကားပေါ်မှာပါလာတဲ့ အမျိုးသမီးတွေ ဒဏ်ရာရရှိတာတို့ ဖြစ်ခဲ့ကြတယ်။ NLD ပါတီက ခဲနဲ့ထုတဲ့သူတွေက နီးစပ်ရာအိမ်ထဲကို ဝင်ပြေးတယ်။ ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံတဲ့သူတွေက ခဲနဲ့ထုတဲ့သူတွေကို ထုတ်ပေး၊ တရားဥပဒေအရ ရင်ဆိုင်ဆိုပြီး တောင်းဆိုတာတွေပြုတယ်။ ထုတ်မပေးပဲ အိမ်ထဲမှာတင်လက်ခံပြီး ပြုလုပ်လာကြတယ်။ ပြည်ခိုင်ဖြိုးပါတီကလဲ အချင်းချင်း စကားများ ဖြစ်လာကြတယ်။ ကျွန်တော်သိသလောက်ကတော့ NLD ပါတီဝန်းရံတဲ့သူ စီးလာတဲ့ဆိုင်ကယ်လေးစီးကို ဖျက်စီးလိုက်တယ်လို့ ကြားတယ်။ ဒီပြသနာကို စတင်ဖန်တီးတာက ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံထောက်ခံသူတွေမဟုတ်ပါဘူး။ ဒီပြသနာကို မဖြစ်ဖြစ်အောင်ဖန်တီးတာက NLD ပါတီကိုဝန်းရံထောက်ခံတဲ့သူတွေက စတင်လုပ်တာလေ။ ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံတဲ့သူတွေက သည်းမခံနိုင်တဲ့အဆုံး ပြန်ပြီးပြုလုပ်လာကြတဲ့အချိန်မှာ သူတို့က အတင်းနောက်ဆုပ်ပြီး အဲဒီနေရာတင် အတင်းကွက်ရိုက်ပြီးတော့မှ မီဒီယာကနေ ဖွတာတွေ လုပ်တာပေါ့လေ။ အဲလိုပုံစံမျိုးလေးတွေရှိတာပေါ့လေ။”ဟု ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တာဝန်ခံ ကိုအောင်သူထွန်းက ပြောပါတယ်။

အခုလိုဖြစ်စဉ်အပေါ်မှာ သူတို့အနေနဲ့ ပြသနာကိုမဖြစ်ဖြစ်အောင်ဖန်တီးပြီး အကွက်ကျကျ တဘက်ပါတီဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်တာဟာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရှုံ့ချကြောင်း သိရပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ဒဏ်ရာရတာ၊ ပျက်စီးတာတွေအတွက်လည်း ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ထိခိုက်ဒဏ်ရာရတဲ့ ကာယကံရှင်တွေကိုယ်တိုင်က အမှုဖွင့်ဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို စစ်ကိုင်းတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ဦးမြင့်ကြည်ကို ဆက်သွယ်မေးမြန်းရာမှာတော့ NLD ပါတီဝင် မပါတဲ့အကြောင်းကို အခုလို ပြောပါတယ်။

“တကယ်ဖြစ်တဲ့အထဲက NLD တစ်ယောက်မှမပါဘူး။ ကျွန်တော်က မုံရွာရှိတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့လူတွေက အဲဆီမှာရှိတာကိုး။ သူတို့ဆီဖုန်းနဲ့ Contact လုပ်လိုက်တော့ ပြည်ခိုင်ဖြိုးပါတီက ကားတွေက အင်အားပြ လှည့်လည်လာတာပေါ့။ ကာဘိုးကျေးရွာအဝင်မှာ ကိုဗစ် ၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီကျန်းမာရေးစစ်ဆေးတဲ့နေရာကို သူတို့ကနေပြီးတော့မှ အပူချိန်တိုင်းတာတွေလုပ်တဲ့အခါ မကျေနပ်လို့ ကားပေါ်ပါလာတဲ့သူတွေက အဲနားက ရပ်ထားတဲ့ ဆိုင်ကယ်တွေရိုက်တာ၊ အဲဒါပဲဖြစ်တာ။ NLD ပါတီနဲ့ ပြဿနာမဖြစ်ဘူး။ NLD ကလည်း တစ်ယောက်မှ မထွက်ပါဘူး။ သူတို့မြောက်ဘက်က အိမ်တွေကို ခဲတွေနဲ့ထုတယ်။ အိမ်ရှင်တွေကလဲ မထွက်ဘူး။ ဓာတ်ပုံတွေတော့ ဘေးကနေရိုက်ကြတယ်တဲ့။ ဘာမှ သူတို့လုပ်တာကို ပြန်မတုန့်ပြန်ပါဘူး။ ကျွန်တော့်ဆီတော့ အဲလိုသတင်းပို့တယ်။ NLD အင်္ကျီဝတ်ထားတဲ့သူတွေ မပါပါဘူး။ တကယ်လို့ NLD အင်္ကျီဝတ်ထားတော့ ကျွန်တော်တို့ NLD ကလို့ ဘယ်လိုပြောရမှာလဲ။ ပြည်သူကတော့ သူ့ဆန္ဒရှိသလို ထွက်နေကြတာပဲ။ ကျွန်တော်တို့ပါတီက ပါတီနဲ့ဒီကိစ္စတွေနဲ့ဆိုတာ ဝင်စွက်ဖတ်လို့ရတာမှ မဟုတ်တာကိုး။ ပါတီဆိုတာ ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ပြည်သူကလဲ ပြည်သူ့အပိုင်းမှာ ပြည်သူ့လူထုကျတော့ ဘယ်သူကဆိုင်လဲဆိုတော့ သက်ဆိုင်ရာပြည်ထဲရေး၊ အစိုးရနဲ့ ကိုဗစ် ၁၉ နဲ့ပတ်သက်တဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတို့ ကော်မရှင်ရဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတို့ ဒါက သူတို့အပိုင်းပါ။ ပြည်သူ့ဆန္ဒနဲ့ လှုပ်ရှားနေတဲ့ ဒေသအပေါ်မှာ ကျွန်တော်တို့ပါတီက ဝင်ရောက်မစွက်ဖက်ဘူး။ လုပ်ပါလို့ မပြောသလို မလုပ်နဲ့လို့ တားလို့မရဘူး။ ဒါကပြည်သူ့သဘောလေ။ NLD လည်း အားပေးရင် အားပေးမယ်။ ပြည်ခိုင်ဖြိုးလည်း အားပေးရင် အားပေးမယ်။ ပြည်ထောင်စုကောင်းကျိုးပါတီကိုလည်း အားပေးရင် အားပေးမှာပေါ့။”လို့ စစ်ကိုင်းတိုင်းဒေသကြီး NLD ပါတီ တိုင်းအတွင်းရေးမှူး ဦးမြင့်ကြည်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ကန့်ဘလူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ထက်က “ကျန်းမာရေးစစ်ဆေးဂိတ်ကို နည်းနည်းထိခိုက်တာပေါ့။ ကာဘိုးကျေးရွာအုပ်ချုပ်ရေးမှူးက ဇီးကုန်းနယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပါတယ်ဗျ။ အရိုက်ခံရတဲ့ ကောင်းလေးတစ်ယောက်ပါတယ်။ အဲဒီအရိုက်ခံရတဲ့ကောင်းလေးကတော့ ဇီးကုန်းဆေးရုံမှာ တင်ထားတယ်။ သူ့ရဲ့အမျိုးသမီးက တရားလိုလုပ်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ရုန်းရင်းဆန်ခပ်ဖြစ်တဲ့ အနီးနားကအိမ်တစ်ခုကို ထိခိုက်တာပေါ့။ အဲဒီအိမ်ကနေ နေပြီးတော့မှ အိမ်ရှင်က တရားလိုလုပ်ပြီးတော့မှ သူ့အိမ်ပျက်စီးတဲ့အတွက် အမှုဖွင့်ထားတယ်။ လောလောဆယ် အမှု ၃ မှု ဖွင့်ထားပေါ့။”လို့ ပြောပါတယ်။

ကားဘိုးကျေးရွာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ကော်မရှင်ဖက်က ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတာတော့ မသိရသေးပါဘူး။ လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း မြင်းမူ၊ ချောင်းဦး၊ ယင်းမာပင်၊ ပုလဲ၊ မင်းကင်း စတဲ့မြို့နယ်တွေမှာတော့ NLD ပါတီနှင့် USDP ပါတီတို့အကြား မဲဆွယ်ရာမှာ ပွတ်တိုက်အားပြိုင်မှုတွေတော့ ရှိနေပါတယ်။

သရိယထက်

error: Content is protected !!