Home > သတင်း > စီးပွားရေး > MMK- ကိုရီးယားနိုင်ငံအကူအညီနဲ့ စစ်ကိုင်းတိုင်းအတွင်း ဂျုံမျိုးသန့် ဧက ၁၀၀ စိုက်ပျိုးမည်

MMK- ကိုရီးယားနိုင်ငံအကူအညီနဲ့ စစ်ကိုင်းတိုင်းအတွင်း ဂျုံမျိုးသန့် ဧက ၁၀၀ စိုက်ပျိုးမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဂျုံမျိုးကောင်းမျိုးသန့် ဧက (၁၀၀) ကို ကိုရီးယားနိုင်ငံရဲ့ အကူအညီနဲ့ မြို့နယ် (၅) မြို့နယ်မှာ စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဂျုံစိုက်ပျိုးထုတ်လုပ်မှုစီမံကိန်းကို စိုက်ပျိုးရေးသု တေသနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ KOPIA-RDA တို့ပူးပေါင်းကာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ ဝက်လက် စတဲ့မြို့နယ်တွေမှာ တစ်မြို့နယ်ကို ဧက ၂၀ နှုန်းနဲ့ နိုဝင်ဘာလက စတင်ကာ စိုက်ပျိုးမှာပါ။

စီမံကိန်းဧရိယာအတွင်းက ဂျုံမျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်မယ့် တောင်သူတွေကို တစ်ဧက ဂျုံမျိုးစေ့ (၁) တင်းခွဲအိတ်တစ်အိတ်နှင့် ကွန်ပေါင်းဓါတ်မြေဩဇာ အိတ်ကြီး (၁) အိတ်စီကိုလည်း အောက်တိုဘာလ (၁၉) ရက်နေ့နှင့် (၂၀) ရက်တွေမှာ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ချောင်းဦးမြို့နယ်မှာ နှစ်စဉ် ဂျုံစိုက်ဧက တစ်သောင်းကျော် စိုက်ပျိုးကာ ကိုရီးယားနိုင်ငံ KOPIA -RDA နှင့် ပူးပေါင်းဆောင်ရွက်တဲ့စီမံကိန်းက ဒေသရေမြေနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်တဲ့ ရေဆင်း (၁၂) မျိုးတွေကို မှန်ချိုကျေးရွာနှင့် ရန်အောင်မြေကျေးရွာတို့တွင် စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ အထွက်နှုန်းကလည်း လက်ရှိစိုက်ပျိုးနေတဲ့ ဂျုံးမျိုးတွေထက် ပိုမိုကောင်းမွန်ပြီး တောင်သူတွေစိုက်ပျိုးရာမှာ လိုအပ်တဲ့ နည်းပညာတွေကိုလည်း ပံ့ပိုးပေးသွားမယ်လို့ ‌ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးက ပြောပါတယ်။

ဂျုံစိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေနဲ့ စတင်စိုက်ပျိုးချိန်ကနေ ရိတ်သိမ်းချိန်အထိ တစ်ဧကကို (၂) သိန်းခွဲ ဝန်းကျင်ကုန်ကျကာ စီမံကိန်းက မျိုး‌နှင့် ဓါတ်မြေဩဇာထောက်ပံ့ပေးပြီး ထွက်ရှိလာတဲ့ မျိုးကောင်းမျိုး သန့်များကို အခြားတောင်သူတွေကို ပြန်လည်ဖြန့်ဝေသွားမှာ ဖြစ်တယ်လို့ ဂျုံစိုက်တောင်သူ တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံစိုက်ပျိုးမှုအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ဧက ၁၁၅၀၀၀ ခန့် ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧက ၁ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ မြို့နယ် (၁၉) မြို့နယ်မှာ ဧက ၁၁၅၀၀၀ နီးပါးစိုက်ပျိုးရန် လျာထားတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဂျုံစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာသလို ဈေးကွက်အနေအထားနှင့် ဂျုံအထွက်နှုန်းမှာလည်း လျော့နည်းလာတာကြောင့် တောင်သူတွေအနေနဲ့ ဂျုံသီးနှံအပေါ် စိတ်ဝင်စားမှုလျော့နည်းပြီး စိုက်ဧက‌ကျဆင်းလာတာပါ။

ရိုက်ကူး-အေပီတီ/တင်ဆက်-AKL

error: Content is protected !!