မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်သည် ယနေ့ မွန်းလွဲ ၃ နာရီကျော်တွင် ရန်ကုန်ရှိ တပ်မတော်စစ်ဆေးရုံတွင် ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောဆိုသည်။
ဦးအုန်းကြိုင်သည် ကိုဗစ်ရောဂါကူးစက်ခံရသဖြင့် စစ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူခဲ့ကြောင်း၊ ယင်းနောက် ကိုဗစ်ရောဂါ Negative နှစ်ခါပြပြီးနောက် ဝမ်းဗိုက်ခွဲစိတ်ကုသမှု တစ်ခု ခံယူခဲ့ကြောင်း၊ ယင်းခွဲစိတ်မှုအပြီးတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကိုဗစ်ကြောင့်မဟုတ်ပါဘူး။ ကိုဗစ်ကြောင့်ဆေးရုံတက်တယ်။ ကိုဗစ်က Negative နှစ်ခါပြပြီးပြီ။ အဲဒါ ထမင်းစားမဝင်လို့ ဗိုက်ကြီးဖောင်းလာလို့ ခွဲစိတ်ကုသမှု ခံယူပါတယ်။ အဲဒါဒီနေ့မွန်းလွဲ ၃ နာရီကျော်မှာ ဆုံးပါတယ်” ဟု ဦးကျော်စွာမင်းက ဆိုသည်။
ဦးအုန်းကြိုင်သည် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌအဖြစ် ၂၀၁၈ ခုနှစ်အောက်တိုဘာလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်ခေတ်သစ် သတင်းဌာနက ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။