Home > သတင်း > တရားဉပဒေစိုးမိုးရေး > အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲ

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီရဲ့ ဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ခင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခင်ဦးမြို့နယ်တရားရုံးမှာ ဦးတိုက်လျှောက်ပြီး တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ ပါတီဉက္ကဌဖြစ်သူ ဦးကျော်ြမင့်(ခ)မိုက်ကယ်ကျော်မြင့်ကို တရားစွဲဆိုမှုနဲ့ပက်သက်လို့ ဘယ်ကိစ္စကြောင့်တရားစွဲဆိုရတယ်ဆိုတာကိုတော့ မျက်မှောက်ခေတ်က သီးခြားအတည်ပြုစုံစမ်းနေပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ခင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူတွေကို ဖုန်းဆက်အတည်ပြုရန် ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ရဲတပ်ဖွဲ့ကတော့ အတည်ပြုပြောဆိုထားပါတယ်။

“ကျွန်တော်တို့ရဲစခန်းမှာ အမှုဖွင့်တာမဟုတ်ဘူး။ တရားရုံးကိုပဲ ဦးတိုက်လျှောက်ထားဖြစ်ပါတယ်။”လို့ ခင်ဦးမြို့မရဲစခန်းက တာဝန်ရှိတစ်ဦးက အတည်ပြုပြောပါတယ်။

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီအနေနဲ့ စစ်ကိုင်းတိုင်းအတွင်း ခင်ဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ တစ်နေရာထဲသာ ဝင်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့က ခင်ဦးမြို့နယ်မှာ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဉက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦကျော်သိန်း (ခ) စစ်ရန်နိုင် စီးနင်းလားတဲ့ကားကိုလူအင်အား ၁၀၀ နီးပါးက ဝိုင်းဝန်းတိုက်ခိုက်တာခံခဲ့ရပါသေးတယ်။  ဦးကျော်သိန်း (ခ) စစ်ရန်နိုင်က အောက်တိုဘာလ ၆ ရက်နေ့က သူ့ရဲ့ဇာတိရွာဖြစ်တဲ့ ခင်ဦးမြို့နယ်၊ ဂွေးကုန်းကျေးရွာကို ပြန်လာစဉ်မှာ အဲဒီရွာမှာရှိတဲ့ NLD ကို ဝိုင်းရံထောက်ခံသူ လူအုပ်ကြီးက သူ့စီးနင်းလာတဲ့ကားကို တိုက်ခိုက်တာလည်းဖြစ်ပါတယ်။ သူစီးနင်းလာတဲ့ ကားကို လူအုပ်ကြီးက ဝိုင်းဝန်းတိုက်ခိုက်ခံခဲ့တဲ့အတွက် ကားဘီးဂွေတွေ ထိခိုက် ပျက်ဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကားကို ချွန်ထွက်တဲ့အရာတွေနဲ့ပါ ထိုးပြီး တိုက်ခိုက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပါတီဉက္ကဌ ဦးကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်က မကျေနပ်တဲ့အကြောင်း၊ NLD ပါတီအနေနဲ့ တောင်းပန်ဖို့လိုကြောင်း၊ ဒီကိစ္စအတွက် NLD ပါတီဉက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စိစစ်အရေးယူပေးစေလိုကြောင်း၊ မရှင်းပေးရင် နောက်ဆက်တွဲပြဿနာတွေက ဒေါ်အောင်ဆန်းစုကြည်မှာပဲ တာဝန်ရှိကြောင်းသူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ၁၀ မိနစ်ကျော်ကြာတဲ့ ဗွီဒီယိုဖိုင်ကို လွှင့်တင်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရားစွဲတာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံတော် သမ္မတရုံးက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားမမဲ့ ပြုကျင့်တာတွေရှိရင် ပြည်ထောင်စုအဆင့်ကနေ အောက်ခြေအဆင့်ဆင့်ထိ တည်ဆဲဉပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်ကြဖို့ အောက်တိုဘာလ ၁၆ ရက်နေ့က ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသေးတယ်။ ရွေးကောက်ပွဲကာလအတွင်း တချို့သော မြို့နယ်တွေမှာ နိုင်ငံရေးပါတီတချို့က ကိုယ်စားလှယ်တွေက ဘာသာရေး၊ လူမျိုးရေးကို အခြေခံတဲ့ ဟောပြောစည်းရုံးမှုတွေလည်း ရှိသလို လက်ရှိ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပုတ်ခတ်စော်ကားတဲ့ စကားလုံးတွေနဲ့ ပြည်သူတွေကြား ထင်ယောင်ထင်မှား ဖြစ်အောင် စည်းရုံးလှုံ့ဆော်တာတွေလည်းရှိနေတဲ့အတွက် နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ပုဒ်မတွေနဲ့ အမှုဖွင့် အရေးယူနေတာတွေလည်း ရှိနေပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!