Home > သတင်း > ကျန်းမာရေး > ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ

ချင်းပြည်နယ်တွင် အသက် ၆၀ အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိ

လာမယ့်ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ လေးသောင်းကျော်ရှိတယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးတာတွေကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ လာမယ့်အောက်တိုဘာ ၂၉ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးရမှာဖြစ်ပါတယ်။

“ချင်းပြည်နယ်မှာ လာမယ့်ရွေးကောက်ပွဲအတွက် အသက် ၆၀ နဲ့အထက် ကြိုတင်မဲပေးခွင့်ဦးရေက ၄၄၀၀၈ ဦး ရှိပါတယ်။ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်နဲ့လဲ ညီအောင်ရယ်။ သူတို့က အသက်လဲကြီးတာကိုး။ လူစုလူဝေးနဲ့ဆိုတော့ သူတို့က ခုခံအားပိုနည်းတယ်။ သွားတာလာတာ သိပ်အဆင်မပြေကြဘူး။ လူစုလူဝေး အနည်းဆုံးအနေနဲ့ ရည်ရွယ်ပြီး လုပ်တာပါ။ သူတို့က သက်ဆိုင်ရာရပ်ကျေးကော်မရှင်ရုံးတွေမှာ ကြိုတင်မဲပေးရမှာပါ။ နာမကျန်းဖြစ်နေရင်တော့ အိမ်သွားပြီး မဲကောက်ပေးတယ် “လို့ ပြည်နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဦးဖေကီးက ပြောပါတယ်။

ချင်းပြည်နယ်မှာ အသက် ၆၀ နှစ်အထက် ကြိုတင်မဲပေးခွင့်ရှိသူ ၄၄၀၀၈ ဦး ရှိတဲ့အထဲက အများဆုံးမှာ တီးတိန်မြို့နယ်ဖြစ်ပြီး အနည်းဆုံးမြို့နယ်မှာ ကန်ပက်လက်မြို့နယ်ဖြစ်ပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ ဆန္ဒမဲပေးခွင့်ရှိသူ ၃၄၆၁၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၀၉၆ ရုံ ဖွင့်လှစ်ဖို့ လျာထားတာပါ။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အဲဒီပါတီတွေက ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်သူ့ပါတီနှင့် တစ်သီးပုဂ္ဂလ ၁၇ ဦးတို့ဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၇၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ၄၀ ဦး၊ အမျိူးသားလွှတ်တော်နေရာအတွက် ၅၂ ဦးနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် ၈၀ ဦးတို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီ ၁၃ ပါတီက ကိုယ်စားလှယ်လောင်း ၂၀၂ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ မဲရုံတွေအတွက် ကိုဗစ်ကာကွယ်ရေးမှာ အသုံးပြုရမယ့် ပစ္စည်းတွေကို ဖြန့်ဝေပို့ဆောင်ပေးနေပြီလည်း ဖြစ်ပါတယ်။

သူရိယထက်

error: Content is protected !!