Home > သတင်း > တရားဉပဒေစိုးမိုးရေး > ဗန်းမောက်မြို့နယ်တွင် ဆင်တစ်ကောင်အပါအဝင် တရားမဝင်သစ်တွေဖမ်းဆီးရမိ

ဗန်းမောက်မြို့နယ်တွင် ဆင်တစ်ကောင်အပါအဝင် တရားမဝင်သစ်တွေဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် အောက်တိုဘာလ ၂၁ ရက်နေ့က ဆင်မတစ်ကောင်အပါအဝင် တရားမဝင်သစ်တွေကို ကသာခရိုင် သစ်တောဦးစီးဌာန တာဝန်ရှိသူတွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်တွေမှာ တရားမဝင်သစ်တန် ၁၈ တန်ကျော်နှင့် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာပါ။

“ဆင်က မှတ်ပုံတင်မထားဘူး။ ပုဂ္ဂလိကပိုင်ပဲ။ အသက်ကလည်း ၆၂ နှစ်လောက်ရှိပြီ။ နောက်ခြေတစ်ဖက်ကလည်း ဆာနေတာ။ မသန်ဘူးပေါ့။ သူ့တော့ မြန်မာ့သစ်လုပ်ငန်းကိုလွှဲပြီး ဆင်အိုရုံပို့မှာပေါ့။”လို့ စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

နယ်မြေရှင်းလင်းရေးအဖွဲ့က အင်းတော်မြို့နယ်မှာ တရားမဝင်ကျွန်းသစ် ၁၇ လုံး၊ ၂.၆၄ တန်၊ သစ်ခွဲရာမှာ အသုံးပြုတဲ့ စက်တစ်လုံး၊ ဗန်းမောက်မြို့နယ်၊ တပ်လွင်ကြိုးဝိုင်းအကွက်အမှတ် ၃၂ အတွင်း တရားမဝင်ကျွန်းသစ် ၁၂ လုံး၊ ၂,၃၆ တန်၊ အကွက်အမှတ် ၃၁ အတွင်း ကျွန်းသစ် ၁၃.၉၈ တန်နှင့် ဆက်စပ်ပစ္စည်းတွေ၊ ချိန်းဆောတစ်လက်၊ အသက် ၆၂ နှစ်အရွယ် ဆင်မတစ်ကောင်နှင့် ဆင်ဦးစီးတစ်ဦး တို့ကို လက်ရဖမ်းဆီးရမိခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ တရားမဝင်သစ်စက်ပိုင်ရှင်ကိုတော့ သစ်တောဦးစီးဌာနက သစ်တောဉပဒေပုဒ်မ ၄၂ (ခ)၊ ၄၃ (က) တို့နဲ့ အမှုဖွင့် အရေးယူသွားမယ်လို့ သိရပါတယ်။

လတ်တလောကိုဗစ်ကာလအတွင်းမှာ တရားမဝင်သစ်ဖမ်းဆီးရမိမှုက လျော့ကျမသွားဘဲ ပုံမှန်အနေအထားအတိုင်းပဲ ရှိနေတယ်လို့လည်း ညွှန်ကြားရေးမှုးက ပြောပါတယ်။

“သိပ်မထူးခြားဘူးဗျ။ ကိုဗစ်ဖြစ်တော့ လျော့သွားမယ်ထင်တာပေါ့။ မလျော့ဘူး။ ပိုဆိုးလားဆိုလည်း အဲလောက်ကြီး သိသိသာသာ မဆိုးဘူး။ ဖမ်းဆီးရမိမှုက အကုန်လုံးခြုံငုံပြီး ပြန်ကြည့်ရင် သိပ်ထူးခြားမှုမရှိဘဲဖြစ်တယ်။ လျော့မသွားတာကလည်း ကိုဗစ်ဖြစ်တဲ့ကာလမှာ ကျွန်တော်တို့ကသာ ရောဂါအနေအထား အခြေအနေကြောင့် ဒီလိုမှန်းဆတာကိုး။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အလမ်းက ပိုရှားလာတဲ့သဘောမျိုးဆိုတော့ ကျွန်တော်တို့ရဲ့ သစ်တောသယံဇာတက ခုတ်ယူခုတ်လှဲထုတ်ယူခံရတာ များလေပေါ့ဗျာ။ အဲဒီသဘောပါ။”လို့ တိုင်းသစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းထွန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ်ဖမ်းဆီးရမိမှုက နှစ်စဉ် တန် ၁ သောင်းဝန်းကျင် ရှိပါတယ်။ NLD အစိုးရလက်ထက် ၄ နှစ်ခွဲတာကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှာ တရားမဝင်သစ်ဖမ်းဆီးရမိမှုအနေနဲ့ ကျွန်းသစ်တန် ၁၁၅၀၀ ကျော်၊ သစ်မာတန် ၁ သောင်းကျော်နှင့် အခြားသစ်တန် ၂ သောင်းကျော် စုစုပေါင်း တရားမဝင်သစ်တန် ၄၃၀၀၀ ကျော်ကို ဖမ်းဆီးရမိထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!