Home > သတင်း > တရားဉပဒေစိုးမိုးရေး > မုံရွာတွင် အုပ်စုဖွဲ့ သံပိုက်နဲ့ရိုက်၊ ဓားနဲ့ခုတ်သူတွေကို ဖမ်းဆီးရမိ

မုံရွာတွင် အုပ်စုဖွဲ့ သံပိုက်နဲ့ရိုက်၊ ဓားနဲ့ခုတ်သူတွေကို ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညဦးပိုင်းက ဆိုင်ကယ်စီးလာသူနှစ်ယောက်ကို လူ ၆ ယောက်အုပ်စုက ရန်ငြိုးရန်စမရှိဘဲ သံပိုက်နဲ့ ရိုက်၊ ဓားနဲ့ခုတ်မှုဖြစ်ပွားခဲ့ပါတယ်။ ရန်ပြုခံခဲ့ရသူ ကောင်းထက်ဇော် (၂၂) နှစ်နှင့် ထွန်းနိုင်ဝင်း (၂၃) နှစ်တို့က အလုပ်ကအပြန် လမ်းဘေးမှာ ဘီယာထိုင်သောက်ခဲ့ပြီး စက်မှုဇုန်ရပ်ကွက်၊ ကန်ပတ်လမ်း၊ မြတ်ဇော် သစ်စက်အနီးအရောက်မှာ ဆိုင်ကယ်ရပ်လိုက်စဉ် အမည်မသိလူ ၆ ဦးက ဆိုင်ကယ်နဲ့ ရောက်ရှိလာကာ ရိုက်နှက် ထိုးခုတ်တာတွေ ပြုလုပ်ခံခဲ့ရတာပါ။ အခုလို ရန်ပြုခံခဲ့ရတဲ့အတွက် ကောင်းထက်ဇော်မှာ ဦးခေါင်းနောက်စေ့ စုတ်ပြဲဒဏ်ရာ ၂ ချက်၊ ထွန်းနိုင်ဝင်းမှာ ယာချိုစောင်းစုတ်ပြဲဒဏ်ရာ ၂ ချက်တို့ အသီးသီးရရှိခဲ့ပြီး မုံရွာဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ပြစ်မှုကျူးလွန်သူတွေကိုတော့ ညတွင်းချင်း ဖမ်းဆီးရမိထားပြီး ဖြစ်သလို သက်သေခံ ပစ္စည်းတွေကိုလည်း သိမ်းဆည်းထားပြီး ဖြစ်တယ်လို့ မုံရွာနယ်မြေရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူက ပြောပါတယ်။

“ရမန်ယူဖမ်းဆီးထားပြီးဖြစ်ပါတယ်။ သက်သေခံပစ္စည်းတွေလည်း သိမ်းဆည်းထားပြီးဖြစ်ပါတယ်။ ဓား ၄ လက်၊ တုတ် ၁ ချောင်းသိမ်းထားပြီးပါပြီ။ ရန်ငြိုးရန်စမရှိပါဘူး။ အခုတ်ခံရတဲ့ကောင်လေးတွေက ကန်သာယာဘေး သံလမ်းဘေးမှာ ဘီယာတစ်ယောက်နှစ်ဘူးစီသောက်လာတယ်။ ပြီးတော့ ဗိုလ်ချုပ်လမ်းအတိုင်းပြန်လာတယ်။ ဘိုးဘွားရိပ်သာ အဝိုင်းမရောက်ခင်မှာ ဆိုင်ကယ်တစ်စီးထဲဆိုတော့ သူ့အရင်လိုက်ပို့ ငါ့အရင်လိုက်ပို့ဆိုပြီး ဆဲဆိုသွားတာ။ ဟို၆ယောက်ကလည်း လမ်းဘေးမှာရှိနေတော့ ငါ့တို့ဆဲတာဆိုပြီး ဆိုင်ကယ်နဲ့ နောက်ကလိုက်ပြီး ဝင်ခုတ်တာပဲ။ မခုတ်ခင်တော့ ငါ့တို့ဆဲတာလား ဘာညာမေးသေးတယ်။ ဟိုကလည်း မဟုတ်ဘူး။ လူမှားမယ်လို့ ပြောသေးတယ်။ ဟိုကလည်း သောက်ထား ဒီကလည်း သောက်ထားဆိုတော့ မူးတဲ့အရှိန်နဲ့ အဲလိုဖြစ်သွားတာပါ။”လို့ မုံရွာနယ်မြေရဲတပ်ဖွဲ့စခန်းမှုး ရဲအုပ်ခင်သန်းက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာနယ်မြေရဲစခန်း တာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်သူ ဇော်ဝင်းထက် (၂၀)နှစ်၊ သိန်းဦး(ခ)ကုလား (၃၂)နှစ်၊ ခိုင်ရဲရင့်(ခ)ပေါက်စီ (၁၈)နှစ်၊ မောင်မောင် (၂၄)နှစ်၊ ရဲဘော် (၂၀)နှစ်၊ ထွန်းလွင်(ခ)နက်ဆူး (၄၇)နှစ် တို့ကို ညတွင်းချင်းဖမ်းဆီးကာ (ပ)၃၉၈/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၃၂၅/၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

မုံရွာနယ်မြေရဲစခန်းပိုင်ဧရိယာအတွင်း လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ကာလမှာ အခုလို ဆိုးသွန်း ခိုးဆိုးလုနှိုက်တွေလည်း အရင်ကထက် လျော့နည်းလာတယ်လို့ ရဲအုပ်ခင်သန်းက ပြောဆိုခဲ့ပါသေးတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!