စစ်ကိုင်းတိုင်းဒေသကြီးမှာ ၁၀ လသားအရွယ်ကလေးတစ်ဦးအပါအဝင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်တိုးတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့ရှိလူနာတွေက တမူးမြို့နယ် ၄ ဦး၊ မြင်းမူမြို့နယ် ၁ ဦးနှင့် ရွှေဘိုမြို့နယ် ၁ ဦးတို့ ဖြစ်ပါတယ်။
တမူးမြို့နယ်က ပိုးတွေ့လူနာ ၄ ဦးဟာ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့တဲ့ မြို့မရပ်ကွက်က အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ၁၀ လသားအရွယ် ကလေးတစ်ဦး၊ ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပါတယ်။
“ပထမပိုးတွေ့လူနာရဲ့contact ထဲက ၃ ယောက်တွေ့တယ်။ နောက်တစ်ယောက်ကတော့ အနံ့မရလို့ ဆေးရုံပြပြီးသားသူထဲက swab ယူပြန်စစ်တော့ ရောဂါပိုးတွေ့တာပါ။ သူတို့က အသွားအလာ ကန့်သတ်ထားတဲ့သူတွေပါ။ သူတို့ထပ်ထိတွေ့ခဲ့တဲ့ မိသားစုတွေကိုတော့ Quarantine ထပ်ထားမယ်။ သူတို့ရဲ့ကျန်းမာရေးက ကောင်းပါတယ်။”လို့ တမူးခရိူင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရက ပြောပါတယ်။
အဲဒီပိုးတွေ့လူနာ ၄ ဦးကိုတော့ တမူးမြို့ပြည်သူ့ဆေးရုံမှာ ထားရှိသွားမယ်လို့လည်း သိရပါတယ်။
ရွှေဘိုမြို့နယ်က ပိုးတွေ့လူနာ ၁ ဦးက ရွှေဘိုတက္ကသိုလ်မှာ Quarantine ထားရှိတဲ့ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာက အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပါတယ်။
“သူက ရန်ကုန်တိုင်း၊ မင်္ဂလာဒုံက ပြန်လာတာပါ။ မြို့ဝင်ဂိတ်မှာတွေ့တာနဲ့ တစ်ခါတည်း Quarantine ထားလိုက်တာပါ။ သူနဲ့ထိတွေ့တဲ့သူမရှိပါဘူး။ သူတစ်ယောက်တည်း ကားနဲ့ပြန်လာတာပါ။ ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်။ သူရဲ့ Swab နမူ နာကို (၁၉) ရက်နေ့က ယူပြီးစစ်ဆေးခဲ့တာမှာ ဒီနေ့မှ သိရတာပါ။”လို့ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် ကပြောပါတယ်။
မြင်းမူမြို့နယ်က ပိုးတွေ့လူနာ ၁ ဦးကတော့ မြင်းမူမြို့နယ်၊ တိုင်းရင်းဆေးရုံမှာ Quarantine ထားရှိတဲ့ မြင်းမူမြို့နယ်၊ ပျော့ရွာက အသက် ၄၅ နှစ်အရွယ် ရန်ကုန်ပြန် အမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။
“ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်ကနေ (၁၈) ရက်နေ့က ပြန်ရောက်လာတာပါ။ သူ့ကို ကျွန်တော်တို့က ပြန်လာလာခြင်းဘဲ တိုင်းရင်းဆေးရုံထဲမှာ ဖွင့်ထားတဲ့ Quarantine စင်တာမှာ ထားပြီးတော့ (၁၉) ရက်နေ့မှာ Swab ယူစစ်ဆေးလိုက်တာမှာ ဒီနေ့မှ အဖြေသိတာပါ။ ကျန်းမာရေးလည်းကောင်းပါတယ်။ မြင်းမူဆေးရုံမှာဘဲ ကုသသွားမှာပါ။ သူကို Quarantine တိုက်ရိုက် ထည့်လိုက်တာဆိုတော့ ကျွန်တော်တို့ မြို့နယ်အတွင်းမှာ ထိတွေ့တဲ့သူမရှိပါဘူး။ တစ်ခုရှိတာက သူက Taxiနဲ့ ပြန်လာတာဆိုတော့ သူနဲ့ပြန်လာတဲ့သူရှိမရှိ အဲဒါတွေ စစ်ဆေးနေပါတယ်။”လို့ မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောပါတယ်။
အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၇၅ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၂၀၈ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရလည်း ပိုးတွေ့လူနာသစ် ၁၁၉၄ ဦး စုစုပေါင်း ပိုးတွေ့လူနာ ၃၉၆၉၆ ဦးရှိပြီဖြစ်ကာ သေဆုံးသူပေါင်း ၉၇၂ ဦး ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၈၈၆၅ ဦးရှိပြီဖြစ်ပါတယ်။
သူရိယထက်၊ အေပီတီ