စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ၁၉ ရက်နေ့ ကိုဗစ်ပိုးတွေ့စာရင်းတွေအရ ရန်ကုန်ပြန် နှစ်ဦးနှင့် အရင်ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်သူ ၃ ဦး စုစုပေါင်း ကိုဗစ်အတည်ပြုလူနာ ၅ ဦးထပ်တိုးလာတယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပိုးတွေ့လူနာတွေထဲမှာ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် ကန့်ဘလူမြို့နယ်၊ ရေရှင် တင်ငုတ်ကြီးကျေးရွာက အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးတို့က ရန်ကုန်က ပြန်လာသူတွေဖြစ်ပြီး သက်ဆိုင်ရာ ကွာရင်တင်းစင်တာတွေမှာ ကွာရင်တင်းဝင်ရောက်နေသူတွေလို့ သိရပါတယ်။ ကလေးမြို့နယ်က ပိုးတွေ့လူနာတွေက အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး အရင်ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ဆက်စပ်သူ (Contact Person) တွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပိုးတွေ့သူတွေကို သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေကို ပို့ဆောင်ကုသပေးဖို့လည်း စီစဉ်နေပါတယ်။ ကန့်ဘလူမြို့နယ်က ပိုးတွေ့လူနာ ၆ ဦးကတော့ သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပြုထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ စက်တင်ဘာလဆန်းကနေ အောက်တိုဘာလ ၁၉ ရက်နေ့ ညနေ ၄ နာရီအထိ ထုတ်ပြန်ချက်အရ ပိုးတွေ့သူစုစုပေါင်း ၂၅၆ ဦး၊ ဆေးရုံက ဆင်းခွင့်ရသူ ၁၆၁ ဦးရှိပြီဖြစ်ပြီး သေဆုံးသူ မရှိသေးပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၉ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၁၁၈၀ ဦး၊ စုစုပေါင်းပိုးတွေ့သူ ၃၇၂၀၅ ဦး၊ သေဆုံးသူအသစ် ၃၄ ဦး၊ စုစုပေါင်းသေဆုံးသူ ၉၁၄ ဦး၊ ဆေးရုံကဆင်းခွင့်ရသူပေါင်း ၁၇၅၆၈ ဦးရှိပြီလို့ သိရပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)