Home > သတင်း > ကျန်းမာရေး > တမူးနှင့် ကလေးမြို့တွင် အနံ့မရလို့ စစ်ဆေးရာက ကိုဗစ်အတည်ပြုလူနာ ၂ ဦးတွေ့ရှိ

တမူးနှင့် ကလေးမြို့တွင် အနံ့မရလို့ စစ်ဆေးရာက ကိုဗစ်အတည်ပြုလူနာ ၂ ဦးတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နှင့် ကလေးမြို့မှာ အောက်တိုဘာလ ၁၅ ရက်နေ့က အနံ့မရလို့ လာပြသူနှစ်ဦးထံကနေ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပိုးတွေ့လူနာတွေကို တမူးမြို့ပြည်သူ့ဆေးရုံနှင့် ကလေးမြို့ ပြည်သူ့ဆေးရုံကို လာရောက်ပြသလာသူတွေထံက တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ဟုတ်ပါတယ်။ အနံမရလို့ ဆေးရုံလာပြရင်း Test Kit နဲ့ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့တာပါ။ သူနဲ့အတူနေတဲ့ သူ့မိသားစုဝင် ၁၀ ယောက်ကိုလဲ စစ်တယ်။ Negative အဖြေထွက်တယ်။ အခု သူ့မိသားစုဝင်တွေကိုလဲ တမူးမြို့ BRTS မှာ Quarantine ထားတယ်။ သူနဲ့ထိတွေ့သူတွေကို လိုက်လံရှာနေပါတယ်။ သူကကွမ်းတွေ ကွမ်းပေါင်းလုပ်တဲ့သူပါ။ လွန်ခဲ့တဲ့တစ်ပတ်လောက်က အိန္ဒိယနိုင်ငံ၊ မိုးရေးဘက်ကို ကွမ်းတွေယူတယ်လို့ရတယ်။ သူ့ရဲ့ရာဇာဝင်ကနေ နယ်စပ်ကိုသွားတာပေါ့။”လို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက ပြောပါတယ်။

ပိုးတွေ့လူနာက အသက် ၂၆ နှစ်အရွယ် အမျိုးသားဖြစ်ပြီး မြို့မ ၁၂ ရက်ကွက်နေထိုင်သူဖြစ်ကာ သူ့အိမ်အနီးပတ်ဝန်းကျင်ကို အသွားအလာကန့်သတ်ထားတယ်လို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံဖက်ကို တရားဝင် လမ်းကြောင်းတွေက အသွားအလာ ပိတ်ထားတာဖြစ်ပြီး ခိုးသွားတာတွေ ရှိနေတာပါ။ ခိုးသွားတာတွေကို စိစစ်တွေ့ရှိရင် အရေးယူမယ်လို့လည်း အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပိုးတွေ့လူနာက တမူးမြို့ရဲ့ ပထမဆုံးသော ကိုဗစ်အတည်ပြုလူနာဖြစ်ပြီး တမူးမြို့ ပြည်သူ့ဆေးရုံမှာ ထားရှိကာ ဆေးကုသမှုပေးမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကလေးမြို့နယ်က ပိုးတွေ့လူနာကလည်း အောက်တိုဘာလ ၁၃ ရက်နေ့က အနံမရလို့ ကလေးမြို့ ပြည်သူ့ဆေးရုံကို လာရောက်ပြသခဲ့ပြီး Swab နမူရာယူစစ်ဆေးတဲ့အခါမှာ ဒီနေ့ ရောဂါပိုး တွေ့ရှိခဲ့တာပါ။

“အနံမရလို့ ဆေးရုံလာပြရင်း စစ်ကြည့်တဲ့အခါမှာ ရောဂါပိုးတွေ့တာပါ။ သူတို့ရဲ့မိသားစုဝင် ၄ ယောက်တော့ Quarantine ထားတယ်။ သူတို့နေတဲ့အိမ်ကိုလဲ အသွားအလာကန့်သတ်ထားတယ်။”လို့ ကလေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်းက ပြောပါတယ်။

ပိုးတွေ့လူနာက အသက် (၅၀) နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကလေးမြို့ အောင်သစ္စာရပ်ကွက်မှာ နေထိုင်သူဖြစ်ကာ လက်ရှိမှာ ကလေးမြို့ တိုင်းရင်းဆေးရုံကို ပို့ဆောင်ထားရှိ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

“သူက Contact တော့မဟုတ်ဘူး။ အနံမရလို့ ဆေးရုံလာရောက်ပြသတဲ့အခါမှာ ရောဂါပိုးတွေ့ရှိတာပါ။ သူ့ရဲ့မိသားစုရယ်၊ သူသွားခဲ့တဲ့ရွာက လူတွေအပါအဝင် ၁၄ ယောက်ကို Quarantine ထည့်ထားတယ်။ သူနဲ့ Positive Contact ထိတွေ့တာတွေလဲမရှိဘူး။ အိမ်မှာနေရင်းနဲ့ အနံမရလို့ စစ်လိုက်တော့ ပိုးတွေ့တာ။ ခရီးသွားရာဇဝင်လဲမရှိသေးဘူး။ ဘယ်လိုကူးစက်တာလဲမသိရသေးဘူး။”လို့ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်း ကလေးနှင့် တမူးမြို့တို့အပြင် ဆားလင်းကြီးမြို့မှာလည်း အထူးရဲသင်တန်းတက်ရောက်နေတဲ့ သင်တန်းသားတစ်ယောက်ဆီကနေ ကိုဗစ်ပိုးတွေ့ရှိခဲ့ပါသေးတယ်။ ဒီပဲယင်းမြို့နယ် မင်းတဲကုန်းကျေးရွာက ၄ ဦးနှင့် သစ်ရာအိုက်ကျေးရွာက တစ်ဦး စုစုပေါင်း ၅ ဦးမှာလည်း ကိုဗစ်ရောဂါပိုးတွေ တွေ့ရှိခဲ့သေးတယ်လို့ မြို့နယ် Complain Center က ကနဦးသတင်း ထုတ်ပြန်ထားပါတယ်။ မုံရွာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရလည်း CBFQ များ နှင့် Positive case နဲ့ ထိတွေ့ခဲ့သူများ (Contact) အသွားအလာ ကန့်သတ် ထားသူ (၅၆)ဦးရဲ့ ဓါတ်ခွဲနမူနာ (အာခေါင်တို့ဖက်၊ နှာခေါင်းတို့ဖက်) တွေရယူပြီး မန္တလေး PHL ကို ပို့ဆောင်စစ်ဆေးရာမှာ ကျန်ရှိနေသူ (၁)ဦး ထံကနေ COVID-19 ရောဂါပိုး တွေ့ရှိရတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၂၅ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၃၀ ဦးထက်မနည်းရှိနေပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၁၀၉ ဦးရှိတယ်လို့လည်း ဒီကနေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြိးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!