စစ်ကိုင်းတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၁၁ ရက်နေ့ မနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာ ၂၂ ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့ ကိုဗစ်အရေးပေါ်တုန့်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ ညပိုင်းကလည်း ၁၈ ဦးတွေ့ရှိခဲ့ပြီး ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၄၀ ဦးထိ စံချိန်တင်တွေ့ရှိတာလည်း ဖြစ်ပါတယ်။ ပထမတွေ့ရှိရတဲ့ ကနီမြို့နယ်က ၂ ဦးနှင့် မင်းကင်းမြို့နယ်က ၁၆ ဦးက ရန်ကုန်ပြန်တွေဖြစ်ပြီး ကွာရင်တင်းဝင်နေသူတွေဖြစ်ကာ မနက်ပိုင်းတွေ့ရှိသူတွေလည်း ရန်ကုန်ပြန်တွေပဲဖြစ်ပြီး ကန့်ဘလူမြို့နယ်က ၆ ဦးနှင့် ဒီပဲယင်းမြို့နယ်က ၁၆ ဦးတို့ဖြစ်ပါတယ်။
ဒီပဲယင်းမြို့နယ်က ပိုးတွေ့လူနာ ၁၆ ဦးက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မှန်ဘီလူးစက်ရုံကနေ ပြန်လာသူတွေဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်ကျေးရွာမှာ Quarantine ထားရှိသူတွေဖြစ်ကာ အောက်တိုဘာလ ၉ ရက်နေ့က Swab နမူနာရယူ စစ်ဆေးခဲ့ရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
“ရန်ကုန် မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံကနေ ပြန်လာသူတွေပါ။ ကားလေးစီးနဲ့ ငှားပြီး ပြန်လာတာပါ။ သူတို့ရောက်တဲ့နေမှာပဲ Quarantine ဝင်ခိုင်းထားတာပါ။ Swab နမူနာရယူစစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိတာပါ။ ကျန်းမာရေးကတော့ ကောင်းပါတယ်။”လို့ ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးမှုး ဦးနိုင်လင်းထက်က ပြောပါတယ်။
ပိုးတွေ့လူနာ ဦးစလုံးက အမျိုးသမီးတွေဖြစ်ပြီး ကံပြားကျေးရွာက ၁၁ ယောက်၊ ပန်းပုကျေးရွာက ၁ ယောက်၊ တည်တောရွာက ၂ ယောက်၊ အောင်ချမ်းသာကျေးရွာ ၁ ယောက်နှင့် မူးရိုးကုန်းကျေးရွာက ၁ ယောက်တို့ဖြစ်ပြီး ဒီပဲယင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့ သိရပါတယ်။
ကန့်ဘလူမြို့နယ်က ပိုးတွေ့လူနာ ၆ ဦးကလည်း ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လာသူတွေဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာစာသင်းကျောင်းတွေမှာ Quarantine ထားရှိသူတွေဖြစ်ပါတယ်။
“သူတို့က ရန်ကုန်ကနေပြန်လာတဲ့သူတွေပါ။ အားလုံးကတော့ အမျိုးသမီးတွေပါ။ သူတို့က ရန်ကုန်ကနေပြန်လာပြီး Quarantine ထားရှိသူတွေတာပါ။ Contact မရှိဘူး။ သူတို့ရဲ့ကျန်းမားရေးကတော့ ကောင်းမွန်ပါတယ်။”လို့ ကန့်ဘလူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးချစ်က ပြောပါတယ်။
အဲဒီပိုးတွေ့လူနာ ၆ ဦးက မလယ်ရွာက ၁ ယောက်၊ ပိုးဇာကုန်းကျေးရွာက ၁ ယောက်နှင့် တင်ငုတ်ကြီးကျေးရွာက ၄ ယောက်တို့ဖြစ်ကာ ကန့်ဘလူမြို့နယ် သံဃာ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။
အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၃ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၈၅ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၅၄ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
ပိုတေး