Home > သတင်း > တရားဉပဒေစိုးမိုးရေး > NLD မဲဆွယ်ယာဉ်ပေါ်က မီးစက်မီးလောင်ပြီး လူ ၁၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၀ ရက်နေ့က NLD ပါတီဝန်းရံသူတွေ တင်ဆောင်လာတဲ့ ကားတစ်စီးမှာ ကားပေါ်ပါ မီးစက် မီးလောင်ပြီး လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ထန်းကုန်းနယ်မြေ ရဲစခန်း သတင်းတွေအရ သိရပါတယ်။ မဲဆွယ်အင်အားပြလှည့်လည်တဲ့ အင်းလယ်ကြီးကျေးရွာက SKAT အမျိုးအစား ကားပေါ်ပါ ဓာတ်ဆီမီးစက်က အပူလွန်ကဲကာ ဝါယာရှော့ခ်ဖြစ်ခဲ့ပြီး မီးလောင်ခဲ့တာပါ။

“မီးစက်နှင့် ဒိုင်နမိုရှော့်ခ်ဖြစ်တာကနေ မီးစလောင်တယ်လို့ ယူဆရတယ်။ ယာဉ်ပေါ်ပါ လူ ၁၅ ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်။ လောလောဆယ်တော့ ၇ ဦးဆေးကုသမှု ခံယူနေတယ်။ စိုးရိမ်စရာတော့ မရှိပါဘူး။”လို့ ထန်းကုန်းနယ်မြေရဲတပ်ဖွဲ့စခန်းမှုး ရဲအုပ် ခင်မောင်ထွေးက ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ မီးစက်ကိုင်သူကို ထန်းကုန်းနယ်မြေရဲစခန်းက (ပ) ၆၇/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅၊ ၃၃၇၊ ၃၃၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ မီးလောင်ဒဏ်ရာရရှိသူတွေက အင်းလယ်ကြီးကျေးရွာကဖြစ်ပြီး အမျိုးသမီး ၈ ဦး၊ အမျိုးသား ၇ ဦးတို့ဖြစ်ပါတယ်။ အသက်အငယ်ဆုံး ၁၄ နှစ်ကနေ အကြီးဆုံး ၅၀ နှစ်အထိ ပါဝင်ပြီး ခြေထောက်၊ လက်၊ ကျောပြင်တွေမှာ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကန့်ဘလူမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းတချို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။ အခုလို ယာဉ်တန်းတွေနဲ့ လူစုလူဝေးအသွင်ဆောင်ပြီး မဲဆွယ်တာတွေ မလုပ်ကြဖို့ကို NLD ပါတီဗဟိုကလည်း မေတ္တာရပ်ခံထားပါတယ်။

error: Content is protected !!