Home > သတင်း > ကျန်းမာရေး > မင်းကင်းနှင့် ကနီမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးထပ်တိုး၊ တစ်နိုင်ငံလုံးမှာလည်း စံချိန်တင်တွေ့ရှိ

မင်းကင်းနှင့် ကနီမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၈ ဦးထပ်တိုး၊ တစ်နိုင်ငံလုံးမှာလည်း စံချိန်တင်တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ ကိုဗစ်အတည်ပြုလူနာ ၁၈ ဦး ထပ်မံတွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ ပိုးတွေ့လူနာ ၁၈ ဦးမှာ မင်းကင်းမြို့နယ်မှ ၁၆ ဦးနှင့် ကနီမြို့နယ်မှ ၂ ဦးတို့ဖြစ်ပါတယ်။ မင်းကင်းမြို့နယ်က ပိုးတွေ့လူနာ ၁၆ ဦးက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ကနေ ပြန်လာသူတွေဖြစ်ပြီး မင်းကင်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ အလက ၂ ကျောင်းမှာ Quarantine ထားရှိသူတွေဖြစ်ပါတယ်။

“၁၆ ယောက် ရောဂါပိုးတွေ့တာပါ။ အမျိုးသမီးတွေချည်းပါပဲ။ သူတို့က ရန်ကုန် မင်္ဂလာဒုံကနေ ပြန်လာသူတွေပါ။ Quarantine ဝင်တဲ့သူ ၂၈ ယောက်ကို အောက်တိုဘာလ ၉ ရက်နေ့က မန္တလေးဓာတ်ခွဲဌာနကိုပို့တာ ဒီနေ့ ညပိုင်းမှာ ၁၆ ယောက်ရောဂါပိုးတွေ့တာပါ။ ကျန်းမာရေးကောင်းမွန်ပါတယ်။”လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၁၆ ဦးကို မင်းကင်းမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

ကနီမြို့နယ်က ပိုးတွေ့လူနာ ၂ ဦးကလည်း ရန်ကုန်တိုင်းဒေသကြီးကနေ ပြန်လာတဲ့သူတွေဖြစ်ပြီး အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“သူတို့ကမောင်နှမတွေပါ။ ရန်ကုန်ကနေပြန်လာတာ မကြာသေးပါဘူး။ သူတို့ကို ရောက်ကတည်းက ရွာကစာသင်ကျောင်းထဲမှာ Quarantine ထားပါတယ်။ အဲဒီ ထဲမှာ အမျိုးသမီးက အာခေါင်ခြောက်ပြီး လည်ချောင်းနာတဲ့အတွက် သူတို့ကို မနေ့က Swab ယူပြီးစစ်လိုက်တာ ဒီနေ့မှာပိုးတွေ့တာပါ။ ကိုဗစ်ရောဂါလက္ခဏာလေးတွေ နည်းနည်းပြတာပါ။ ကျန်းမာရေးလည်းကောင်းပါတယ်။ သူတို့ကို ကနီဆေးရုံမှာ ကုသသွားမှာပါ။”လို့ ကနီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်စိုးထွန်းက ပြောပါတယ်။

အဲဒီပိုးတွေ့လူနာ ၂ ဦးက ကနီမြိုနယ်၊ မဲဒင်ကျေးရွာနေသူတွေဖြစ်ပြီး ကနီမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးသွားမယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၂ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၆၃ ဦးတွေ့ရှိထားပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၅၄ ဦးရှိကာ သေဆုံးသူတော့ မရှိသေးပါဘူး။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ ရောဂါပိုး စစ်ဆေးသူ ၁၆၃၁၂ ခုရှိတဲ့အထဲက ပိုးတွေ့လူနာ ၂၁၅၈ ဦးထိ စံချိန်တင် တွေ့ရှိခဲ့ပြီး စုစုပေါင်း ရောဂါတွေ့ရှိသူ ၂၆၀၆၄ ဦးထိ ရှိနေပြီလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပြန်လည်သက်သာကောင်းမွန်လာသူကတော့ ၇၀၅၀ ဦးရှိကာ စုစုပေါင်း သေဆုံးသူ ၅၉၈ ဦးထိ ရှိနေပြီဖြစ်ပါတယ်။

ပိုတေး၊ အေပီတီ

error: Content is protected !!