ချင်းပြည်နယ်၊ ဟားခါးမြိုနယ်၊ ဟားခါး-ဂန့်ဂေါလမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ရာကနေ အောက်တိုဘာ ၅ ရက်နေ့ ည ၁၀ နာရီအချိန်က ခြောက်ဘီးယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်ခဲ့တယ်လို့ ဟားခါးမြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။ ယာဉ်မောင်း ဦးနိုင်လင်းဦး ( ၄၀ နှစ်) မောင်းနှင်လာတဲ့ FORLAND ယာဉ်အမှတ် MDY(3Q/8315) အဖြူရောင် ခြောက်ဘီးယာဉ်က ဂန့်ဂေါဘက်ကနေ ဟားခါးမြို့ဘက်ကို သစ်ခွဲသားတွေတင်ဆောင် မောင်းနှင်လာပြီး ဇိုခွါးရ်-ရွာဗန်းကြား ၂၅ မိုင်အနီးမှာ ယာဉ်မောင်းအိပ်ငိုက်ရာကနေ အရှိန်လွန်လို့ ပေ ၅၀ ခန့် ချောက်ထဲ ထိုးကျတိမ်းမှောက်ခဲ့တာပါ။
“ဖြစ်တာက မနေ့ ည ၁၀ နာရီအချိန်လောက်မှာ ဖြစ်တာပါ။ ဒါပေမယ့် ကျွန်တော်တို့သတင်းရတာက ၁၁ နာရီလောက်မှာပါ။ ယာဉ်မောင်းကတော့ အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးခဲ့တာ။”လို့ ဟားခါးမြို့နယ် မီးသတ်ဦးစီးမှုး ဉီးသျှန်နွန်မောင်ကပြောပါတယ်။
အဲဒီယာဉ်တိမ်းမှောက်ဖြစ်ပွားရာနေရာကို ဟားခါးမြို့နယ်မီးသတ်ဉီးစီးမှူး ဉီးသျှန်နွန်မောင်ဦးဆောင်ပြီး တပ်ဖွဲ့ဝင်တွေက သွားရောက်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြတာပါ။ ယာဉ်တိမ်းမှောက်တာကြောင့် ယာဉ်မောင်း ဦးနိုင်လင်းဦးမှာ ဦးခေါင်းငယ်ထိပ် ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ခြေသလုံး ပေါက်ပြဲဒဏ်ရာတို့နဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အလောင်းကို ဟားခါးမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ယာဉ်မဆင်မခြင်းမောင်းနှင်တဲ့ ယာဉ်မောင်း ဦးနိုင်လင်းဦးကို ဟားခါးမြို့မရဲစခန်းက (ပ)၃၈/၂၀၂၀၊ ပုဒ်မ ၃၀၄ (က)နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။
ပိုတေး