Home > သတင်း > ကျန်းမာရေး > NLD ပါတီရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကျွန်းလှမြို့တွင် NLD ဝန်းရံထောက်ခံသူ ၁၀၀၀ ခန့်မြို့တွင်း လှည့်လည်မဲဆွယ်

NLD ပါတီရဲ့ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကျွန်းလှမြို့တွင် NLD ဝန်းရံထောက်ခံသူ ၁၀၀၀ ခန့်မြို့တွင်း လှည့်လည်မဲဆွယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့မှာ အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ၁၀၀၀ ဝန်းကျင်စုရုံးကာ ဆိုင်ကယ်၊ ကား၊ သုံးဘီးယာဉ်တွေနဲ့ မြို့တွင်း လှည့်လည်ကာ မဲဆွယ်အင်အား ပြခဲ့ကြပါတယ်။ ကျွန်းလှမြို့ အမျိုးသားဒီမိုကရေစီပါတီကို ဝန်းရံထောက်ခံသူ ပြည်သူတွေက မြို့တွင်းလမ်းတွေအပြင် ပိတောက်မြိုင်ရပ်ကွက်ထဲမှာရှိတဲ့ ဈေးနှင့် သဖန်းဆိပ်ဆည် စတဲ့နေရာတွေကို လှည့်လည်ပြီး မဲဆွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

“ကိုဗစ်ကိုတော့ ကြောက်တော့ကြောက်ကြတယ်။ ဒါပေမယ့်လည်း ဒီချုပ်ကို ချစ်တဲ့စိတ်ကို ပြချင်တဲ့ စိတ်ကလည်း ရှိနေတော့ ရောဂါကို ဘေးဖယ်ထားပြီး လိုက်ကြတဲ့သဘောပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်ခိုင်ဖြိုးကလည်း အခုလိုပဲ လူဦးရေအများကြီးနဲ့ မဲဆွယ်ခဲ့သေးတယ်။ တော်တော်များများတော့ Mask တွေအသုံးပြုကြပါတယ်။”လို့ ကျွန်းလှမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို လူစုလူတွေးနဲ့ အင်အားပြ မဲဆွယ်တာတွေက နေရာတော်တော်များများမှာ ပြုလုပ်နေတာပါ။ NLD ပါတီကို ထောက်ခံအားပေးတဲ့အနေနဲ့ ယာဥ်အမျိုးမျိုးကို အသုံးပြုကာ အင်အားပြသတာတွေက လူစုလူဝေးအသွင် ပေါ်ပေါက်သွားနိုင်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဥ်း၊ စည်းကမ်းများနှင့် သွေဖည်သွားနိုင်သလို ပြည်သူအချို့ရဲ့ ဝေဖန်မှုကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် ပြည်သူတွေရဲ့ ကျန်းမာရေးကိုရှေးရှုပြီး ယာဉ်အမျိူးမျိုးကို အသုံးပြုပြီး စုဝေးလှည့်လည်တာတွေ မလုပ်ဆောင်ကြဖို့၊ ယာယီဆိုင်းငံ့ထားကြဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံ ပန်ကြားစာထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ထုတ်ပြန်ချက်ထဲမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပါဝင်ဆောင်ရွက်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းတွေနဲ့အညီ ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

error: Content is protected !!