Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကပ်ရောဂါကြောင့် မုံရွာမြို့ အထင်ကရ သီတင်းကျွတ် ဘုရားကြီးပွဲတော် မကျင်းပဖြစ်

ကိုဗစ်ကပ်ရောဂါကြောင့် မုံရွာမြို့ အထင်ကရ သီတင်းကျွတ် ဘုရားကြီးပွဲတော် မကျင်းပဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိပြီး အစည်ကားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ ဆုတောင်းပြည့် ဗုဒ္ဓပူဇနိယပွဲတော် ခေါ် သီတင်းကျွတ် ဘုရားကြီးပွဲတော်ကို အခုနှစ်မှာတော့ COVID-19 ကပ်ရောဂါအခြေနေကြောင့် မကျင်းပဖြစ်တော့ပါဘူး။ မုံရွာမြို့ သီတင်းကျွတ် ဘုရားကြီးပွဲက မုံရွာဒေသရဲ့ အစည်းကားဆုံးပွဲတော်ဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လပြည့်ကျော် (၅) ရက်ကနေ လကွယ်နေ့အထိ (၁၀) ရက်ကြာ ကျင်းပတဲ့ ပွဲတစ်ပွဲဖြစ်ပါတယ်။ အခုနှစ်မှာတော့ လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကြောင့် မကျင်းပနိုင်တော့ဘူးလို့ ဆုတောင်းပြည့်ဘုရား ဂေါပက အဖွဲ့၀င် ဦးအောင်သိန်း က အခုလိုပြောပါတယ်။

“အခုနှစ်တော့ မကျင်းပနိုင်တော့ပါဘူး။ အာဏာပိုင်အဖွဲ့တွေနဲ့ ကျန်းမာရေးဌာနက ပွဲတော်မကျင်းပဖို့ အကြံပြုလာတယ်။ ပြီးတော့ ဩဝါဒဆရာတော်ကြီးတွေကလည်း မိန့်တယ်။ ရောဂါအခြေနေကရှိတော့ မကျင်းပ နိုင်ဘူးပေါ့။”လို့ ဆုတောင်းပြည့်ဘုရားကြီး ဂေါပကအဖွဲ့ဝင် ဦးအောင်သိန်းက ပြောပါတယ်။

မုံရွာမြို့ သီတင်းကျွတ် ဘုရားကြီးပွဲဈေးကို ရှေးအစဉ်အဆက်ကတည်းက နှစ်စဉ်ကျင်းပလာခဲ့ပြီး မြန်မာနိုင်ငံမှာ ကျောက်ရောဂါ၊ ပုလိပ်ရောဂါဖြစ်ပွားချိန်ကလည်း သံဃာတော်တွေကို ဆွမ်းလောင်းလှူခွင့် ရှိခဲ့တယ်လို့ သိရပါတယ်။ အခုနှစ်မှာတော့ ပွဲဈေးအပြင် သံဃာတော်တွေကိုပါ ဆွမ်းလောင်းခွင့်မရှိတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဦးအောင်သိန်းက ပြောပါတယ်။

“အရင်ကလည်း ဒီလိုရောဂါတွေဖြစ်ခဲ့ဖူးတယ်။ ပုလိပ်တို့၊ ကျောက်ရောဂါတို့။ ဒါပေမယ့် ဆွမ်းတော့ လောင်းနိုင်ခဲ့တယ်။ ပွဲဈေးသာ မပါတာ။ အခုက ရောဂါက ဘယ်လိုဆိုတာလည်း မသိရဘူး။ ဆေးလည်းမရှိသေးဘူး။ သံဃာတော်တွေတောင် ဆွမ်းလောင်းလို့ မရတော့ဘူးပေါ့။ စိတ်မကောင်း ဖြစ်ရ

တာပေါ့။”လို့ ပြောပါတယ်။

သီတင်းကျွတ်ဘုရားကြီးပွဲဈေးမှာ မြန်မာရိုးရာအစားအစာဆိုင်ခန်းတွေ၊ အိမ်သုံးပစ္စည်းဆိုင်တွေ၊ မီးဖိုချောင်သုံးပစ္စည်းဆိုင်တွေ၊ အ၀တ်အစားဆိုင်တွေနှင့် ကလေးကစားရာဆိုင်ခန်းတွေ ပါ၀င်ရောင်းချကြပြီး ဒေသတွင်း ပြည်သူတွေ အများဆုံးလာရောက် လည်ပတ်၊ ၀ယ်ယူလေ့ရှိတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ ဘုရားပွဲတော်တစ်ခုသာမကဘဲ ဒေသထွက် ကုန်စည်ဖလှယ်ရာ ပွဲတော်လည်း ဖြစ်ပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါက ပိုးတွေ့သူ များနေဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း မြို့နယ်တော်တော်များများမှာ ပိုးတွေ့အတည်ပြုလူနာတွေ တွေ့ရှိထားကာ မုံရွာမြို့နယ်မှာလည်း ပိုးတွေ့လူနာ ၁၃ ဦးထိ တွေ့ရှိထားပြီး အဲဒီထဲက တစ်ယောက်ကတော့ ဆေးရုံက ဆင်းခွင့်ရပြီးလည်း ဖြစ်ပါတယ်။

ကျော်ဇေယျ (မျက်မှောက်ခေတ်)

error: Content is protected !!