Home > သတင်း > တရားဉပဒေစိုးမိုးရေး > တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေပါ သယ်ဆောင်လာလို့ ရေယာဥ်တစ်စီးကို ရေကြောင်းရဲဖမ်းဆီး

တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေပါ သယ်ဆောင်လာလို့ ရေယာဥ်တစ်စီးကို ရေကြောင်းရဲဖမ်းဆီး

ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ်တစ်စီးပေါ်ကနေ အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက တရားမဝင် ကျောက်စိမ်းအရိုင်းတုံးတွေ တင်ဆောင်လာတာကို ရေကြောင်းရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီး ရမိခဲ့ပါတယ်။ စိန်ဝေလျှံ အမည်တပ်ဆင်ထားတဲ့ သံခွန်အမျိုးအစား ရေယာဥ်တစ်စီးဟာ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ နုံးကျေးရွာဆိပ်ကမ်းမှာ ရပ်နားဆိုက်ကပ်ထားတဲ့အချိန်မှာ ရေကြောင်းရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ စစ်ဆေးတာကနေ တရားဝင်ရော၊ တရားမဝင်ပါ ကျောက်စိမ်းတုံးတွေ သယ်ဆောင်လာတာကို ရဲတပ်ဖွဲ့က စီစစ်တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

“တရားဝင်သယ်ဆောင်လာတဲ့ ကျောက်စိမ်းအိတ်က ပီနံအိတ် ၂၅ အိတ်၊ တရားမဝင် သယ်လာတဲ့ ကျောက်စိမ်းအိတ်က ပီနံအိတ် ၉ အိတ်ဖြစ်တယ်။ နောက်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ အင်သစ်ခွဲသားဆိုဒ်စုံ ၁၃၈ ချောင်း၊ ကာလတန်ဘိုး ၁၀ သိန်းဝန်းကျင်ခန့်ကိုလည်း တပါတည်း ဖမ်းဆီးရမိတယ်။” လို့ ချင်းတွင်း ရဲကြောင်းရဲတပ်ဖွဲ့ ဒုရဲမှူး ချင်းတွင်းမြစ်အထက်ပိုင်း သိန်းထွန်းဦးက ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးရမိတဲ့ ကျောက်စိမ်းတွေကို အလေးချိန်နဲ့ ကာလတန်ဖိုးတွက်ချက်နိုင်ဖို့ အတွက် သက်ဆိုင်ရာ သတ္ထုတွင်း ဦးစီးဌာနကို တင်ပြထားပါတယ်။ ဒါ့အပြင် ကျောက်စိမ်းတုံးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ သစ်ခွဲသားတွေကိုလည် ယင်းမာပင်မြို့နယ် သစ်တောဦးစီးဌာနကို လွှဲပြောင်းအပ်ပေးဖို့ ဆောင်ရွက်နေပါတယ်။

ကျောက်စိမ်းတွေက ခန္တီးရတနာနယ်မြေ နယ်စီပွန်ဒေသနှင့် ဥရုမြစ်အထက်ပိုင်းက ဖားကန့်၊ လုံးခင်း စတဲ့ဒေသတွေက ထွက်ရှိတာဖြစ်ပါတယ်။ လက်ရှိသယ်ဆောင်လာတဲ့ ကျောက်စိမ်းတွေက ဘယ်ကဖြစ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ လူစီးသီးသန့် အမြန်ရေယာဉ်တွေ၊ လိုင်းကားတွေကို အစိုးရက ရက်အကန့်အသတ်မရှိ ပိတ်ထားတာပါ။ ချင်းတွင်းမြစ်အတွင်း တရားမဝင်သစ်တွေ မကြာခဏ ဖမ်းဆီးရမိတာ ရှိပေမယ့် တရားမဝင်ကျောက်စိမ်း ဖမ်းဆီးရမိတာတော့ နည်းပါတယ်။ ကားနဲ့ သယ်ယူတာတဲ့ တရားမဝင်ကျောက်စိမ်းတွေကိုတော့ ဖမ်းဆီးရမိတာတွေ ရှိပါတယ်။ ကျောက်စိမ်းတွေကို အလှဆင်လက်ဝတ်လက်စားအဖြစ် အသုံးပြုကြတာလည်း ဖြစ်ပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!