Home > သတင်း > ကျန်းမာရေး > မင်းတပ်မြိုနယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးထပ်တိုး

မင်းတပ်မြိုနယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁၆ ဦးထပ်တိုး

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိလူနာသစ် ၁၆ ဦးထပ်မံတွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ မင်းတပ်မြို့မှာ အစောပိုင်းက ရန်ကုန်ပြန် Positive လူနာ ၃ ဦးနှင့် ထိတွေ့ခဲ့သူတွေကို Facility Quarantine ထားရှိပြီး ပမထအသုတ်အနေနဲ့ ၆၀ ဦးကို Swab ယူစစ်ဆေးတဲ့အထဲက ၁၆ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာလို့ မင်းတပ်ခရိုင်ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။

“သူတို့က ရန်ကုန်ပြန်ပိုးတွေ့လူနာ ၃ ဦးကနေ ကူးစက်ခံရတဲ့သူတွေပါ။ အခုဟာ ပထမအသုတ် ၆၀ ဦးစစ်တဲ့အထဲက ၁၆ ဦးရောဂါပိုးတွေ့တယ်။ နောက်ထပ် ၆၄ ယောက်ရဲ့အဖြေက စစ်နေတုန်းပါ။”လို့ မင်းတပ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဇော်ဝင်းနိုင်က ပြောပါတယ်။

အဲဒီရောဂါပိုးတွေ့ရှိလူနာ ၁၆ ဦးကိုတော့ မင်းတပ်ဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။ မင်းတပ်မြို့က ကိုဗစ်အတည်ပြုလူနာ ၄၆၇၆၊ ၄၆၇၇၊ ၄၆၇၈ (၃) ယောက်ဟာ ရန်ကုန်မြို့ကနေ ပြန်လည်ရောက်ရှိလာပြီး စက်တင်ဘာ ၁၅ ရက်နေ့က Swab ယူကာ ရန်ကုန်ဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးခဲ့ရာမှာ စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ရောဂါပိုးကူးစက်ခံထားရတယ်ဆိုတဲ့ အဖြေ ရရှိခဲ့တာပါ။ အဲဒီပိုးတွေ့လူနာနဲ့ထိတွေ့သူ ၁၀၀ ကျော်ကို မင်းတပ်မြို့ဆေးရုံးဝင်းထဲရှိ ဝန်ထမ်းအိမ်ယာ၊ အထက (၁) မင်းတပ်နှင့် အထက (၃) မင်းတပ် တို့မှာ စက်တင်ဘာ ၂၂ ရက်နေ့ကနေ စတင်ပြီး Facility Quarantine ထားရှိခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမင်းတပ်မြို့မှာ ကိုဗစ်အတည်ပြုလူနာ ၁၉ ဦးရှိနေပြီး သူတို့ကို မင်းတပ်မြို့ပြည်သူ့ဆေးရုံမှာ သီးသန့်ထားရှိကာ စောင့်ကြပ်ကြည့်ရှု ဆေးကုသမှုပေးနေပါတယ်။

ပိုတေး

error: Content is protected !!