စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေ အစိုးရခွင့်ပြုချက်နဲ့ နိုင်ငံအသီးသီးကို ရောက်ရှိနေကြသူတွေထဲက ၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပကြိုတင်မဲလျှောက်လာသူဦးရေ (၅၇၀၀) ကျော် ရှိတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်မျိုးလွင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာတုန်းက စစ်ကိုင်းတိုင်းအတွင်း ပြည်ပကြိုတင်မဲလျှောက်ထားသူ (၂၀၀၀) ကျော်သာရှိခဲ့ပြီး အခုရွေးကောက်ပွဲမှာတော့ (၅၇၀၀) ကျော် ရှိတဲ့အတွက် ပြည်ပကြိုတင်မဲလျှောက်လာသူက ၂၀၁၅ နဲ့စာရင် (၃၀၀၀) ကျော်တိုးလာတယ်လို့ သိရပါတယ်။ အခုလို ပြည်ပကြိုတင်မဲလျှောက်ထားသူ တိုးလာတာဟာ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ နိုင်ငံသားတွေအနေနဲ့ ရွေးကောက်ပွဲအပေါ် စိတ်ပါ၀င်စားမှု ရှိလာကြတာကြောင့် ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးအောင်မျိုးလွင်က ပြောပါတယ်။
“၂၀၁၅ တုန်းက (၂၀၀၀) ကျော်ပဲလျှောက်တာ။ အခု (၅၇၀၀) ကျော်ဆိုတော့ ပြည်ပရောက်နိုင်ငံသားတွေက လာမယ့်ရွေးကောက်ပွဲအပေါ် စိတ်၀င်စားမှုရှိလာတဲ့သဘော
ပေါ့။”လို့ ဦးအောင်မျိုးလွင်က ပြောပါတယ်။
ပြည်ပကြိုတင်မဲ လျှောက်လာသူတွေကို သက်ဆိုင်ရာမြို့နယ်က စတင်ကာ တိုင်းနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွေက အဆင့်ဆင့် စီစစ်သွားမှာဖြစ်ပြီး မဲလက်မှတ်စာအိပ်တွေကိုတော့ နိုင်ငံခြားရေး၀န်ကြီးဌာနကနေ သက်ဆိုင်နိုင်ငံတွေမှာရှိတဲ့ သံရုံးတွေ၊ ကောင်စစ်၀န်ရုံးတွေနဲ့ အမြဲတမ်းကိုယ်စားလှယ်ရုံးတွေကို ပေးပို့ သွားမှာဖြစ်တယ်လို့ သိရပါတယ်။
“မဲလက်မှတ်စာအိပ်တွေကို နိုင်ငံခြားရေး၀န်ကြီးဌာနက တာ၀န်ယူပြီး လေကြောင်းကနေ ပေးပို့သွားမှာပါ။ မဲပေးရမယ့် ရက်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပေးထားတဲ့ရက်အတွင်းသက်ဆိုင်ရာ သံရုံးတွေ အဆင်ပြေတဲ့ရက်သတ်မှတ်ပေးတဲ့ ရက်တွေမှာ ပေးရမှာပါ။ သိရသလောက်တော့ အောက်တိုဘာ ပထမနဲ့ ဒုတိယပတ်တွေလို့ သိရတယ်။”လို့ ဦးအောင်မျိုးလွင် ကပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်ပကြိုတင်မဲ လျှောက်လာသူတွေထဲမှာ စင်္ကာပူနိုင်ငံမှာ နေထိုင်သူတွေက အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံမှာနေထိုင်သူတွေက ဒုတိယနှင့် တတိယအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ မဲဆန္ဒနယ်အနေနဲ့ကတော့ မုံရွာ၊ ယင်းမာပင်နှင့် ကလေးမဲဆန္ဒနယ်တွေက ဖြစ်တယ်လို့လည်း တိုင်းရွေးကော်တာဝန်ရှိသူက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒနယ်ပေါင်း (၁၂၅) နယ်ရှိပြီး ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း (၆၈၅) ယောက် ၀င်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်ပေါင်းကတော့ (၄၂) သိန်းကျော်ရှိပြီး မဲရုံပေါင်း (၄၁၀၂) ရုံ သတ်မှတ်ထားပါတယ်။
ကျော်ဇေယျ (မျက်မှောက်ခေတ်)