Home > သတင်း > ကျန်းမာရေး > ကလေးမြို့ စမ်းမြို့ရပ်ကွက်ကို Stay At Home ဒေသအဖြစ် သတ်မှတ်

ကလေးမြို့ စမ်းမြို့ရပ်ကွက်ကို Stay At Home ဒေသအဖြစ် သတ်မှတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့ရှိ စမ်းမြို့ရပ်ကွက်ကို စက်တင်ဘာလ ၂၉ ရက် မနက်ပိုင်းက Stay At Home ဒေသအဖြစ် ချမှတ်လိုက်ပြီဖြစ်တယ်လို့ ကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ အခုလို သတ်မှတ်လိုက်ရတာက စမ်းမြို့ရပ်ကွက်မှာ ကိုဗစ်အတည်ပြုလူနာ ၈ ဦးအထိရှိလာပြီး တခြားရပ်ကွက်တွေကို ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

“Positive ထွက်တဲ့သူတွေ စမ်းမြို့ရပ်ကွက်ကပဲ ဖြစ်နေတာရယ်၊ ထပ်မံကူးစက်မှု မရှိစေရေးနဲ့ အခြားရပ်ကွက်ကိုလဲ ရောဂါပြန့်ပွားမှာ စိုးတာကြောင့် အခုလို Stay at home ချလိုက်တာ။ Stay at home စည်းကမ်းတွေကို လိုက်နာမှုမရှိရင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉပဒေနဲ့ အရေးယူရမှာဖြစ်ပါတယ်။”လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျုံးလျန်ထန်းက ပြောပါတယ်။

အခုလက်ရှိ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေက စမ်းမြို့ရပ်ကွက်နဲ့ ထိစပ်နေတဲ့ တခြားရပ်ကွက်၊ လမ်းတွေကို ပိတ်နေတာပါ။ ကလေးမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးရှိနေပြီး အဲဒီ ၁၂ ဦးထဲက ၁ ဦးမှာ ရန်ကုန်ရှိနေစဉ် ရောဂါပိုးတွေ့ရလို့ ရန်ကုန်မှာပဲ ဆေးကုသမှုခံယူနေကာ ကျန် ၁၁ ဦးမှာတော့ ကလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။ အဲဒီထဲက ၃ ဦးကတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ပေးလိုက်ပြီးဖြစ်ကာ နေအိမ်မှာ Home Quarantine (၇) ရက် ဆက်လက်နေထိုင်ရမှာ ဖြစ်ပါတယ်။ ကိုဗစ်စတင်ဖြစ်ပွားစဉ်ကလည်း ကလေးမြို့မှာ ပိုးတွေ့လူနာ ၆ ဦးထိ တွေ့ရှိခဲ့ပါသေးတယ်။

ဒါ့အပြင် တိုင်းအတွင်း ပိုးတွေ့လူနာ ဒုတိယ အများဆုံးဖြစ်တဲ့ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာအုပ်စု၊ ကံသာကုန်းကျေးရွာမှာလည်း စက်တင်ဘာ ၂၂ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၁ ဦး၊ စက်တင်ဘာ ၂၅ ရက်နေ့က အတည်ပြုလူနာနှင့် ဆက်စပ်လူနာ ၅ ဦးထပ်မံတွေ့ရှိခဲ့တာကြောင့် စက်တင်ဘာလ ၂၈ ရက်နေ့ကနေစတင်ကာ Stay At Home နေကြဖို့ကို ဒေသန္တရအမိန့် ထုတ်ပြန်ထားပါတယ်။

“ကံသာကုန်းရွာမှာ ပထမ Positive တစ်ယောက်တွေ့တယ်။ သူကနေ သူ့မိသားစုဝင် ၅ ယောက်ကို ထပ်ကူးခံရတယ်။ ကံသာကုန်းရွာမှာတင် ၆ ယောက်ဖြစ်သွားတယ်။ အဲဒီ ၆ ယောက်ရဲ့ Contact ထပ်လိုက်တော့ ၂၀ ဦးရှိပြီ။ သူတို့က Swab ယူထားတုန်းပါ။ Positive ထွက်မလား၊ Negative ထွက်မလား ပြောလို့မရသေးဘူး။ တကယ်လို့အဲဒီကနေ Positive ဖြစ်ရင် ရောဂါပိုးပွားလာမယ့်ဟာတွေက ရှိတယ်။ Negative ထွက်ရင်တော့ ရောဂါကူးစက်မှုကရပ်တန့်မယ်။ အဲတော့ Swab အဖြေမရသေးဘူး။ ဘယ်လိုဖြစ်မလဲဆိုတာမသိသေးဘူး။ ဒါကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Stay at Home လုပ်လိုက်တာပါ။”လို့ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက ၂၁ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၀ ဦးရှိပြီး အဲဒီထဲက ၁၁ ဦးမှာ ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပြီးဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့Facebook Page ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!