Home > သတင်း > ဒေသတွင်းသတင်း > ဟုမ္မလင်းမြို့နယ် အထက်တန်းကျောင်းဝန်းထဲရှိ ယာယီကျောင်းဆောင် ပြိုကျ

ဟုမ္မလင်းမြို့နယ် အထက်တန်းကျောင်းဝန်းထဲရှိ ယာယီကျောင်းဆောင် ပြိုကျ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာကျေးရွာ အထက်တန်းကျောင်းဝန်းထဲမှာ ဆောက်ထားတဲ့ ယာယီကျောင်းဆောင်ပြိုကျမှု စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ပြိုကျသွားတဲ့ကျောင်းဆောင်က လွန်ခဲ့တဲ့ ၄ နှစ်က ကျောင်းသားဦးရေများလာလို့ ကိုယ်ထူကိုယ်ထ တည်ဆောက်ထားတာဖြစ်ပြီး အပေါ်ဝိတ်များတာ၊ အောက်ခြေတိုင်တွေ မခိုင်တော့တာ၊ လေတိုက်တာတွေကြောင့် ပြိုကျခဲ့တာဖြစ်ပါတယ်။

“ဟိုတုန်းက အဲဒီနေရာက သပြေကျောင်းဆောင်ပါ။ ကျောင်းဆောင်အသစ်ရလို့ ဖျက်ထားတာ။ ကျောင်းဆောင်အသစ်မရတဲ့အချိန်မှာ ကျောင်းသားဦးရေများလို့ ကိုယ်ထူကိုယ်ထနဲ့ လုပ်ထားတဲ့ ယာယီကျောင်းဆောင်ပါ။ အဲဒီယာယီကျောင်းဆောင်က လေးနှစ်လောက်ရှိပြီ။ ဆောက်ထားတာ။ သူ့ရဲ့အပေါ်ဝိတ်အား များတာရယ်။ တိုင်အောက်ခြေက မခိုင်တာရော မိုးရွာတာရော မနေ့က တောင်လေတိုက်တော့ ပြိုကျသွားတာပါ။”လို့လည်း  ကက်သာကျေးရွာအုပ်ချုပ်ရေးမှုး ဦးဟန်နိုင်ဝင်းက ပြောပါတယ်။

ပြိုကျသွားတဲ့ကျောင်းဆောင်က သွပ်မိုး၊ ကပ်ကာ တစ်ထပ်ကျောင်းဆောင်ဖြစ်ကာ အလျား ၁၂၀ ပေနှင့် အကျယ် ၂၄ ပေရှိ ယာယီကျောင်းဆောင်ဖြစ်ပါတယ်။

“ကျောင်းသားဦးရေများလို့ တစ်နှစ်လောက် ယာယီကျောင်းဆောင်ဆောက်ထားတာ လေးနှစ်လောက်ကြာသွားတာ။ ကျောင်းဆောင်ပြိုကျတာ ဆုံးရှုံးမှုကတော့ သိန်း ၅၀ ကျော်ရှိပါတယ်။”လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ယာယီကျောင်းဆောင် ပြိုကျသွားတဲ့အတွက် အဲဒီနေရာမှာ အစိုးရအနေနဲ့ ကျောင်းဆောင်သစ် တစ်ဆောင် ချပေးစေချင်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခန္တီးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးခန့်လင်းထွဋ်က “ကျွန်တော်တို့က လူနေအိမ်တွေဆိုရင် ထောက်ပံ့လို့ရတယ်။ ကျောင်းတွေဆိုရင်တော့ သတင်းတော့တင်ရမှာပေါ့။ လိုအပ်တယ်ဆိုရင်တော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ တောင်းရင်တော့ ထောက်ပံ့မယ်။”လို့ ဆိုပါတယ်။

ကျောင်းဆောင်ပြိုကျမှုနဲ့ပတ်သက်လို့ လူနှင့် ကျွဲနွားတိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့သိရပါတယ်။

သူရိယထက်

error: Content is protected !!