Home > သတင်း > ကျန်းမာရေး > ကိုဗစ်အမိန့်ညွှန်ကြားချက်မလိုက်နာဘဲ တိုင်းကျော်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တစ်စီးကို အမှုဖွင့်အရေးယူ

ကိုဗစ်အမိန့်ညွှန်ကြားချက်မလိုက်နာဘဲ တိုင်းကျော်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တစ်စီးကို အမှုဖွင့်အရေးယူ

မြန်မာနိုင်ငံမှာ ဒုတိယအကျော့အနေနဲ့ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ပျံ့နှံ့မှုက နေ့စဉ်တိုးပြီးဖြစ်ပွားနေတာပါ။ ကိုဗစ်အတည်ပြုလူနာတွေက စစ်ကိုင်းတိုင်းမှာလည်း တွေ့ရှိလာနေရတာကြောင့် ကိုဗစ်ကူးစက်မှု ဟန့်တားနိုင်ရေးအတွက် တိုင်းကျော်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေ၊ ခရီးသည်တင် ရေယာဉ်လိုင်းတွေကို ယာယီရပ်နားထားဖို့ အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားတာပါ။ ဒါပေမယ့် လက်ရှိမှာ ခရီးသည်တင်ယာဉ်တစ်ချို့က ညွှန်ကြားချက် မလိုက်နာဘဲ ပြေးဆွဲနေတာတွေရှိနေပြီး စစ်ဆေးရာမှာ တွေ့ရှိရတဲ့အတွက် ဖမ်းဆီးအရေးယူမှုတွေ ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မစက)ကနေ သိရပါတယ်။

“ကိုဗစ်ရောဂါ ဒီလောက်ကူးဆက်ပြန့်ပွားနေတာကို ယာဉ်ပိုင်ရှင်တွေက အသိတရားကြီးသင့်တယ်။ အခုဟာက ခရီးသည် လေးဦးကားပေါ်မှာ လိုက်ပါတယ်။ ယာယီရပ်နားဖို့ ညွှန်ကြားတာကို ပြေးဆွဲလို့၊ ခရီးသည်တွေ တင်ပြီးပြေးဆွဲလို့ အရေးယူတာ။” လို့ မစက ဥက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။

မန္တလေး – မုံရွာ – ရေဦး ခရီးစဉ်ကို ကုန်ပစ္စည်းနဲ့ ခရီးသည်ရောနှော တင်ဆောင်ပြေးဆွဲလာတဲ့ ကားတစ်စီးကို မုံရွာမြို့ဝင် COVID – 19 စစ်ဆေးရေးဂိတ်မှာ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရှိခဲ့တာပါ။

“အရင်ကလည်း ခေါ်ယူသတိပေးတာတွေတော့ ရှိတယ်။ အခုလို တရားစွဲတာတွေတော့ မရှိခဲ့ဘူး။ အခုကတော့ သတိပေးတဲ့ကြားက မလိုက်နာတဲ့အတွက် ကူးစက်မှုကလည်း များနေတဲ့အတွက် ပထမဆုံးအကြိမ်အဖြစ် မှုဖွင့်လိုက်တာပါ။”လို့ မစက ဉက္ကဌ ဦးရဲထွန်းအောင်က ပြောပါတယ်။

ဒါ့အပြင် COVID – 19 ထိန်းချုပ်ရေးနှင့် တုန့်ပြန်ရေးကော်မတီ စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ၁၆.၉.၂၀၂၀ ရက်နေ့ ၊ ရက်စွဲပါ စာအမှတ် ၃ / ၆ – ၁ ( ၁၅) / (၂၁၆၇ ) / (COVID – 19 ) အမိန့်ညွှန်ကြားစာအရ မော်တော်ယာဉ် အသင်းအားလုံး ပြေးဆွဲခွင့် ယာယီရပ်နားထားရန် ညွှန်ကြားထားခဲ့ရာ အဲ့ဒီ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပဲ ခရီးသည်တွေတင်ဆောင်ပြေးဆွဲနေတဲ့အတွက် ယာဉ်မောင်းကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဉပဒေအရ ဖမ်းဆီးအရေးယူခြင်းဖြစ်တယ်လို့ သိရပါတယ်။ COVID – 19 ရောဂါ ကူးဆက်ပြန့်ပွားမှု မြန်နှုန်းမြင့်လာတဲ့အတွက် တနေရာနဲ့ တနေရာ ကူးဆက်ပြန့်ပွား ထိန်းချုပ် တုန့်ပြန်နိုင်ရန် ယာဉ်လိုင်းတွေအနေနဲ့ ခရီးသည်တွေတင်ဆောင် မပြေးဆွဲကြဖို့ ညွှန်ကြားချက် အမိန့်တွေ ထုတ်ပြန်ထားပေမဲ့ အမည်ခံ လူနာတင်ယာဉ်တွေ ၊ ယာဉ်နံပါတ်အဝါရောင် ကားတွေဟာ အခကြေးငွေ ရယူပြီး ခရီးသည်တွေကို လိုက်ပါပို့ဆောင်ပေးနေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!