Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်အတည်ပြုလူနာ ၆ ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်အတည်ပြူလူနာ ၆ ဦး ထပ်မံတွေ့ရှိတယ်လို့ စစ်ကိုင်းတိုင်း COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီရဲ့ ကနဦးထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီပိုးတွေ့လူနာသစ် ၆ ဦးမှာ ကလေးမြို့က ၃ ဦး၊ ယင်းမာပင်မြို့နယ်က ၂ ဦးနှင့် ချောင်းဦးမြို့နယ်က ၁ ဦးတို့ဖြစ်ပါတယ်။ ကလေးမြို့က ပိုးတွေ့ရှိလူနာ ၃ ဦးက အရင်ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်ထိတွေ့သူတွေဖြစ်ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ အသက် ၃၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၄၂ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ဖြစ်ပါတယ်။

“သူတို့က Positive လူနာရဲ့ Contact တွေပါ။ သူတို့ Positive ရဲ့ကွင်းဆက်တွေပါ။ သူတို့နဲ့ထိတွေ့တဲ့ Contact တွေထပ်ရှာနေပါတယ်။ ပိုးတွေ့လူနာတွေက ကလေးမြို့ စမ်းမြို့ရပ်ကွက်ကပါ။”လို့ ကလေးမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက ပြောပါတယ်။

ချောင်းဦးမြို့နယ်က ပိုးတွေ့ရှိလူနာအသက် ၂၇ နှစ်အရွယ် အမျိုးသားကတော့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကနေ ပြန်လာခဲ့ပြီး ခင်မွန်ကျေးရွာမှာ စက်တင်ဘာ ၂၅ ရက်နေ့က ရောက်ရှိကာ အထကကျောင်းမှာ အသွားအလာကန့်သတ်ထားသူဖြစ်ပါတယ်။ သူ့ကိုတော့ စက်တင်ဘာလ  ၂၆ ရက်နေ့က Swab ယူစစ်ဆေးခဲ့ရာ ဒီကနေ့ ညပိုနေပိုင်းက ရောဂါပိုးတွေ့ရှိခဲ့တာပါ။

“သူက ကားဌားပြန်လာတယ်။ ရန်ကုန်ကနေ ၅ ယောက်ပြန်လာကြတာပါ။ ချောင်းဦးမြို့နယ် ကျီကုန်းက ၄ ယောက်နှင့် ခင်မွန်က ၁ ယောက်ပါ။ ကျီကုန်းက ၄ ယောက်က Negative ထွက်ပြီး ခင်မွန်က တစ်ယောက်က Positive ထွက်တာပါ။”လို့ ချောင်းဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်က ပြောပါတယ်။

ဒါ့အပြင် ယင်းမာပင်မြို့နယ်က အသက် (၂၇) နှစ်အရွယ် ပိုးတွေ့လူနာ အမျိုးသား (၂) ဦးမှာ စက်တင်ဘာ (၂၃) ရက်နေ့က ရန်ကုန်ယာဉ်ထိန်းတပ်ဖွဲ့ကနေ ယင်းမာမြို့နယ်ရဲတပ်ရင်း (၂၈) သို့ ပြောင်းရွေ့လာသူတွေဖြစ်ပြီး ရောက်ရှိတဲ့ စက်တင်ဘာ (၂၄) ရက်နေ့ကစတင်ကာ ယင်းမာပင်ရဲတပ်ရင်းထဲမှာ Quarantine ထားရှိခဲ့တာပါ။ စက်တင်ဘာ (၂၅) ရက်နေ့မှာ Swab နမူနာ ရယူ‌ခဲ့ကာ ဒီကနေ့ ညနေ့ပိုင်းက ရောဂါပို့တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့လည်း ယင်းမာပင်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်က ပြောပါတယ်။

“ပြောင်းလာတဲ့ (၁၁) ယောက်ကို Swab ယူတာမှာ သူတို့ (၂) ယောက်မှာပဲ ပိုးတွေ့တာပါ။ သူတို့ကို လိုက်ပို့တဲ့ ကြီးကြပ်တဲ့သူရယ်၊ ယာဉ်မောင်းရယ်၊ ကျန်တဲ့ (၉) ယောက်ကို Quarantine ဆက်ထားပြီးတော့ ဒုတိယအကြိမ် Swab ယူသွားမှာပါ။ ကျန်းမာရေးအခြေ အနေကလည်း ဖျားနာခြင်းမရှိပါဘူး။ ပုံမှန်‌အခြေအနေထားမှာ ရှိပါတယ်။ သူတို့ကို ယင်းမာပင်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသဖို့ ပြောင်းရွှေ့ သွားမှာပါ။”လို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပိုးတွေ့ရှိလူနာ ၆ ဦးကို သက်ဆိုင်မြို့နယ်ပြည်သူ့ဆေးရုံမှာ သီးသန့်ထားရှိကာ အနီးကပ် ဆေးကုသမှု ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အထဲမှ ၂၁ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၅၀ ဦးရှိပြီး အဲဒီထဲက ၉ ဦးကတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ပြုထားပြီးဖြစ်ပါတယ်။ ရောဂါပိုးတွေ့လူနာတွေထဲက တစ်ချို့ကတော့ ရန်ကုန်နှင့် မန္တလေးတို့မှာ ကုသမှု ခံယူနေကြတာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီအချိန် ထုန်ပြန်ချက်အရ ပိုးတွေ့လူနာသစ် ၇၄၃ ဦး စုစုပေါင်း ပိုးတွေ့သူ ၁၀၇၃၄ ဦးရှိပြီဖြစ်ကာ သေဆုံးသူ စုစုပေါင်း ၂၂၆ ဦးရှိပြီဖြစ်ပြီး ပျောက်ကင်းသူကတော့ ၂၈၆၂ ဦးရှိပြီဖြစ်ပါတယ်။

ပိုတေး၊ အေပီတီ

error: Content is protected !!