စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီအချိန်လောက်က ချင်းတွင်းတံတားအနီး ရပ်နားနေတဲ့တွဲကား (၁၄) စီးက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၂၇) ဦးတို့ကို Quarantine ထားရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။ ရပ်နားထားတဲ့ကားတွေကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် ဦးဆောင်တဲ့အဖွဲ့က စစ်ဆေးခဲ့ရာ ရန်ကုန်ကနေ ထွက်ခွါလာသူတွေဖြစ်ပြီး လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ပစ္စည်းပို့လာတဲ့ ကားတွေဖြစ်တာကြောင့် အိုးဘိုတောင်စာသင်ကျောင်း Facility Quarantine Center မှာ Quarantine ထားရှိခဲ့တာပါ။
“လတ်တလောကတော့ သူတို့က ခရီးဝေးကနေလာလို့မို့ မုံရွာမှာ Quarantine ထားပြီး ဆေးစစ်မှာပေါ့။ ရောဂါပိုးမတွေ့ရင်တော့ Home Quarantine နေဖို့ပြန်လွှတ်မယ်။ တွေ့ရင်တော့ ဒီမှာပဲဆက်လက်ဆောင်ရွက်မယ်။”လို့လည်း ဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။
ကားသမားတွေက ရန်ကုန်ဘက်က ထွက်ခွာလာသူတွေဖြစ်ပြီး မုံရွာမြို့ အလုံရပ်ကွက် ချင်းတွင်းတံတားအရှေ့ဖက်ချမ်းမှာ ခဏရပ်နားကာ တွေ့ရှိခဲ့မှုကြောင့် Quarantine ထားရှိစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
“ကျွန်တော်တို့ကတော့ ကိုယ့်တိုင်း၊ ကိုယ့်မြိုနယ်တွေမှာ အဓိက ကိုဗစ်နဲ့ပတ်သက်လို့ ထောင့်စေ့အောင် လုပ်နေတယ်။ ကြားဖောက်ဖြစ်တာမျိုး၊ မသိလိုက်ဘဲဖြစ်တာမျိုး ဖြစ်မှာစိုးလို့ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းလေးနဲ့ သူတို့ကို Quarantine ထားတာ။ သူတို့ကို ဒုက္ခပေးတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ကျန်းမာရေးနဲ့ အခြားကူးစက်မှုမရှိအောင် ကျွန်တော်တို့ကစီစစ်ပြီး ဆောင်ရွက်တဲ့အနေနဲ့ နားလည်အောင် ပြောပြပြီး လုပ်ပေးတာပါ။”လို့လည်း ဝန်ကြီးကပြောပါတယ်။
အခုလို စစ်ဆေးကြပ်မတ်မှုက မုံရွာမြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာတစ်ဦး တွေ့ရှိပြီးနောက်ပိုင်း ကြပ်မတ်လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာဦးရေ ၁ သောင်းဝန်းကျင်ရှိနေပြီး စစ်ကိုင်းတိုင်းမှာလည်း ပိုးတွေ့လူနာ ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
ပိုတေး