Home > သတင်း > ကျန်းမာရေး > NLD ပါတီဝန်းရံသူတွေ မဲဆွယ်စည်းရုံးရေးပြုလုပ်တာကို SERT အဖွဲ့(စစ်ကိုင်း)က နောက်ကလိုက် ပိုးသတ်ဆေးဖျန်း

NLD ပါတီဝန်းရံသူတွေ မဲဆွယ်စည်းရုံးရေးပြုလုပ်တာကို SERT အဖွဲ့(စစ်ကိုင်း)က နောက်ကလိုက် ပိုးသတ်ဆေးဖျန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၀န်းရံသူတွေက စစ်ကိုင်းမြို့အတွင်း စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက ယာဉ်တန်းနဲ့ မြို့တွင်းလှည့်လည်ကာ မဲဆွယ်စည်းရုံးရေးပြုလုပ်ခဲ့ပါတယ်။ ဒီမဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုကို စစ်ကိုင်းမြို့တွင်းလမ်းတွေပေါ်မှာ ကား၊ ဆိုင်ကယ်တွေနဲ့ NLD ပါတီတံဆိပ်ပါ အင်္ကျီအနီရောင်ဆင်တူ၀တ်ဆင်ပြီး NLD ပါတီအလံလွင့်တွေလွှင့်ထူကာ ပါတီစည်းရုံးရေးသီချင်းများဖွင့်ပြီး စီတန်းလှည့်လည်ခဲ့ကြတာပါ။ အခုလို စီတန်းလှည့်လည်နေတာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်း (SERT)အဖွဲ့ကနေ ကား၊ ဆိုင်ကယ်ယာဉ်တန်းနောက်ကနေ လိုက်ကာ လမ်းတစ်လျှောက် ပိုးသတ်ဆေးဖြန်းတာတွေ ဆောင်ရွက်ခဲ့ပါတယ်။

“ခုလှည့်တဲ့ သူတွေက ခိုတောင်၊ ချောင်းပေါက်၊ လက်ပံရွာက လူတွေလို့သိရတယ်။ ချောင်းပေါက် မှာ Positive နှစ်ဦးတောင်ထွက်ထားတာ။ ဒါကြောင့် စစ်ကိုင်းမြို့အတွက် စိတ်ချ‌ရအောင်‌ ယာဉ်တန်းနောက်က လိုက်ပြီး ပိုးသတ်ဆေးလိုက်ဖြန်းတာပါ။ လူအယောက်ငါးဆယ်ထက်လည်း ကျော်နေပါတယ်။ ပါတီကလုပ်တာလည်းမဟုတ်ဖူးလို့ သိရပါတယ်။ ကိုယ့်အသိစိတ်နဲ့ ကိုယ့်မြို့ကာကွယ်ဖို့ ခုလို ဆေးဖြန်းတာကို ဆောင်ရွက်ခဲ့ပါတယ်။”လို့ စစ်ကိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှုး ကိုစိုးမင်းဦးက ပြောပါတယ်။

Covid-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း လူစုလူဝေးနဲ့ NLD ပါတီကို ထောက်ခံကြောင်း မပြုလုပ်ကြဖို့ လက်ရှိ အာဏာရ NLDပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၅ ရက်နေ့မှာ လူမှုကွန်ရက်စာမျက်နှာကတဆင့်  ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။ ဒါ့အပြင် Covid-19 ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် စစ်ကိုင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက စက်တင်ဘာလ ၁၈ ရက်ကနေစတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေကို ခေတ္တရပ်နားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ မိမိဆန္ဒအလျောက် လူစုလူဝေးနဲ့ စုဝေးလှည့်လည်တာတွေ မပြုလုပ်ကြဖို့ရာ မေတ္တာရပ်ခံ ပန်ကြားထားတယ်လို့လည်း သိရပါတယ်။

ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက စက်တင်ဘာ ၂၆ ည ၈ နာရီထုတ်ပြန်ချက်မှာ မြန်မာတစ်နိုင်ငံလုံး Covid-19 အတည်ပြုလူနာ ၉၉၉၁ ဦးရှိလာပြီဖြစ်ပြီး သေဆုံးလူနာ ၁၉၈ ဦးရှိပြီဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိ စက်တင်ဘာ ၂၆ အထိ စစ်ကိုင်းမြို့မှာလည်း Covid-19 အတည်ပြုလူနာ ၂ဦး ၊သံသယလူနာ ၂ဦး ဆေးကုသမှုခံယူနေပါတယ်။

စောရန်ပိုင် (ဇေယျာတိုင်းမ်)

error: Content is protected !!