Home > သတင်း > ကျန်းမာရေး > လဟယ်မြို့နယ်က ကျောင်းဆရာမတစ်ဦးမှာ ကိုဗစ်သံသယ လက္ခဏာ တွေ့ရတာကြောင့် ဆေးရုံမှာ အသွားလာကန့်သတ်စောင့်ကြည့်နေ

လဟယ်မြို့နယ်က ကျောင်းဆရာမတစ်ဦးမှာ ကိုဗစ်သံသယ လက္ခဏာ တွေ့ရတာကြောင့် ဆေးရုံမှာ အသွားလာကန့်သတ်စောင့်ကြည့်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ စခန်းကြီးကျေးရွာကနေ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ကို ရောက်ရှိလာတဲ့ ကျောင်းဆရာမတစ်ယောက်မှာ ကိုယ်အပူချိန်မြင့်တက်ပြီး ကိုဗစ် သံသယ လက္ခဏာတွေ တွေ့ရတာကြောင့် ဆေးရုံမှာ အသွားလာကန့်သတ်ပြီး နှခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ရယူကာ မန္တလေးဓာတ်ခွဲခန်းကို ပို့ဆောင်ထားတယ်လို့ လဟယ်မြို့နယ်ကျန်းမာရေမှူး ဒေါက်တာသက်ဇင်အောင် ကပြောပါတယ်။ ကျောင်းဆရာမက စက်တင်ဘာ (၁၆) ရက်က ကလေးမြို့နယ်ကနေ စတင်ထွက်ခွာခဲ့ပြီး (၁၈) ရက် ညနေပိုင်းမှာ လဟယ်မြို့ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ (၂၀) ရက်နေ့မှာ တော့ကိုယ်အပူချိန်မြင့်တက်တာ၊ ကိုယ်ခန္ဓကိုက်ခဲတာနှင့် အော့အန်ချင်တာ၊ ခံတွင်းပျက်တာတွေ ဖြစ်နေတယ်လို့ ကြားသိရတဲ့အတွက် မြို့နယ်ကျန်းမာရေး၀န်ထမ်းတွေက (၂၁) ရက်နေ့မှာ သွားရောက်စစ်ဆေးပြီး လဟယ်ဆေးရုံကို ခေါ်ဆောင်ကာ အသွားလာ ကန့်သတ်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“သူကို Hospital Quarantine ထားပြီး ဒီမနနက် (၆) နာရီလောက်ကပဲ Swab နမူနာယူပြီး မန္တလေးဓာတ်ခွဲခန်းပို့ဖို့ ကားလွှတ်လိုက်ပြီ။ ဒီညတော့ ဟုမ္မလင်းအထိပဲ ရောက်မယ်။ အဲ့ဒီက ဓာတ်ခွဲနမူနာတွေနဲ့အတူ မန္တလေး ပို့မှာပါ။”လို့ လဟယ်မြို့နယ်ကျန်းမာရေမှူး ဒေါက်တာ သက်ဇင်အောင် ကပြောပါတယ်။

ကိုဗစ် သံသယ လက္ခဏာလို့ ယူဆရတဲ့ ကျောင်းဆရာမနဲ့အတူ နေထိုင်တဲ့ တခြားဆရာမ (၁၁) ယောက်ရှိပြီး သူတို့ရဲ့နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေကိုလည်း တစ်ခါတည်း ယူဆောင်ပြီး ပေးပို့ထားတယ်လို့ သိရပါတယ်။

“ဒီဆရာမနဲ့အတူ Hall ခန်းထဲမှာနေတဲ့ ဆရာမ (၁၁) ယောက်ရှိတယ်။ သူတို့ကိုလည်း တို့ပတ်နမူနာ တခါတည်းယူပြီး ပို့ထားတယ်။ ဒီဘက်က ကားလမ်းအဆင်မပြေတော့ အခုကတည်းက Swab ယူပြီး ပို့လိုက်တာ”လို့ ဒေါက်တာသက်ဇင်အောင်က ပြောပါတယ်။

လက်ရှိအချိန်မှာ သံသယလက္ခဏာတွေ့ရှိရတဲ့ ကျောင်းဆရာမရဲ့ ကျန်းမာရေးအခြေ

အနေကောင်းမွန်နေပြီး ချောင်းဆိုးတာ၊ အသက်ရှုကြပ်တာ စတဲ့ ကိုဗစ်လက္ခဏာတွေ မတွေ့ရဘူးလို့ သိရပါတယ်။ ဆရာမရဲ့ ခရီးသွားရာဇ၀င်အသေးစိတ်ကိုတော့ ဓာတ်ခွဲနမူနာ ထွက်ရှိလာတဲ့ အဖြေပေါ်မူတည်ပြီး လိုအပ်သလို ဆောင်ရွက်သွားဖို့ ရှိကာ အတူနေဆရာမ (၁၁) ယောက်ကိုတော့ နေအိမ်မှာပဲ အသွားလာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ လဟယ်မြို့နယ်မှာ COVID-19 အတည်ပြုလူနာ မတွေ့ရှိသေးသလို Quarantine ၀င်နေရတဲ့ ပြည်တွင်း၊ ပြည်ပပြန်တွေလည်း မရှိသေးဘူးလို့ လဟယ်မြို့နယ်ကျန်းမာရေမှူး ဒေါက်တာသက်ဇင်အောင် ကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ဟုမ္မလင်းက ကိုဗစ်အတည်ပြုလူနာနဲ့ အမြန်ရေယာဉ်တစ်စီးထဲ အတူစီးခဲ့တဲ့ ခန္တီးမြို့က ထိတွေ့ ၇ ဦးမှာလည်း ကိုဗစ်ရောဂါပိုး မတွေ့ရဘူးလို့ သိရပါတယ်။ ဟုမ္မလင်း၊ ခန္တီး၊ လဟယ် စတဲ့မြို့နယ်တွေက ချင်းတွင်းမြစ်အထက်ပိုင်းမှာ တည်ရှိပြီး နယ်မြေချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

error: Content is protected !!