Home > သတင်း > ကျန်းမာရေး > ကြက်သွန်နီဈေး တစ်ပတ်အတွင်း ၁ ပိဿာကို ကျပ် ၃၀၀ ကျော်မြင့်တက်လာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကြက်သွန်နီ၀ယ်ယူမှု စတင်လာတဲ့အတွက် တစ်အပတ် အတွင်း ပြည်တွင်း ကြက်သွန်ဈေးနှုန်း ထက်၀က်နီးပါး မြင့်တက်လာတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ စားဖိုနှံအသင်း ဥက္ကဌ ဦးခင်မောင်စိုး ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပြည်တွင်းမှာ ကြက်သွန်နီ လက်ကားတစ်ပိဿာကို ကျပ် (၄၀၀) ၀န်းကျင်သာရှိခဲ့ပေမယ့် အခုတစ်ပတ်မှာတော့ ကျပ် (၇၀၀) ၀န်ကျင်အထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

“အဓိကကတော့ ဘင်္ဂလားဒေ့ရှ်က စပြီး၀ယ်လာလို့ပေါ့။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေကလို တောင်ကုတ်တို့၊ စစ်တွေတို့ကနေ ကားနဲ့သွားတဲ့လမ်းကြောင်းတော့ မဟုတ်ဘူး။ အခုက ကွန်တိန်နာထဲထည့် သင်္ဘောနဲ့စပြီး စမ်းပို့နေတာပါ။”လို့ စစ်ကိုင်းတိုင်းဒေသကြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင်သုံးသီးနှံအသင်း ဥက္ကဌ ဦးခင်မောင်စိုး ကပြောပါတယ်။

အခုနှစ် ကြက်သွန်နီဈေးကွက်ဟာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကြောင့် တူးဖော်ချိန်ကစပြီး အနိမ့်ဈေးနဲ့ရောင်းချ လာရသလို ပြည်ပနိုင်ငံတွေကို တင်ပို့ရတဲ့အခြေအနေကလည်း သိသိသာသာ မရှိခဲ့တဲ့အတွက် ပြည်တွင်းမှာ ကြက်သွန်လက်ကျန် အများအပြားကျန်ရှိနေတာပါ။ ကြက်သွန်စိုက်တောင်သူတွေအနေနဲ့လည်း နစ်နာမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

“အခုက ကြက်သွန်ရာသီက ကုန်နေပြီလေ။ အပျက်အစီးတွေလည်း ရှိတယ်။ ပြီးတော့ စိုက်စရိတ် အကြွေးတွေပေးဖို့ ရောင်းကြရတာ။ အခုဈေးတက်လည်း တောင်သူအများစုအတွက်ကတော့ ခံစားခွင့်မရှိတော့ပါဘူး။”လို့ မြိုရွာမြို့နယ်က ကြက်သွန်စိုက်တောင်သူ ဦးအောင်၀င်း ကပြောပါတယ်။

ကြက်သွန်နီဈေးနှုန်း မြင့်တက်လာပေမယ့် တစ်ဖက်နိုင်ငံကိုတင်ပို့ရတဲ့ အခြေအနေဟာပြီးခဲ့တဲ့ နှစ်တွေကနဲ့ မတူတဲ့အတွက် ကြက်သွန်ရဲ့အရည်အသွေးနဲ့ တစ်ဖက်နိုင်ငံရဲ့လက်ခံမှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲခန့်မှန်းဖို့ စောနေပါသေးတယ်။ ကြက်သွန်လက်ကျန်ရှိနေသေးတဲ့ တောင်သူတွေအနေနဲ့ လက်ရှိဖြစ်ပေါ်လာတဲ့ဈေးနှုန်းအပေါ် မူတည် ချင့်ချိန်ပြီး အရောင်း၊ အ၀ယ် ပြုလုပ်နိုင်မှသာ အကျိုးအမြတ် ရရှိကြမှာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းကြက်သွန်အသင်း ဥက္ကဌ ကပြောပါတယ်။

error: Content is protected !!