Home > သတင်း > ဒေသတွင်းသတင်း > ချင်းတွင်းမြစ် ရွှေစာရေးဝဲကြီးထဲမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြုတ်ကျပျောက်ဆုံးနေ

ချင်းတွင်းမြစ် ရွှေစာရေးဝဲကြီးထဲမှာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ပြုတ်ကျပျောက်ဆုံးနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်းရှိ ရွှေစာရေးဝဲကြီးအနီးတွင် တရားမဝင်သစ် ဖမ်းဆီးရမိတဲ့ ဖလက်ရေယာဉ်တွေကို လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးရာကနေ ရဲတပ်ဖွဲ့ဝင်တစ်ဦး ရေယာဉ်ပေါ်က ပြုတ်ကျပျောက်ဆုံးမှု စက်တင်ဘာ ၁၇ နေ့ ညပိုင်းက ဖြစ်ပွားခဲ့ပါတယ်။

“စက်တင်ဘာလ ၃ ရက်နေ့က တရားမဝင်သစ်တင်ဆောင်လာလို့ ဖမ်းထားတဲ့ ဖလက်ရေယာဉ်သုံးစီးရှိတယ်။ အဲ့ရေယာဉ်ပေါ်မှာ ရေယာဉ်ဆက်စပ် ပစ္စည်းတွေကျန်ရှိနေသေးတယ်။ အဲ့ဒီသက်သေခံ ရေယာဉ်ကို လုံခြုံရေးတာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားစစ်ဆေးတာမှာ  ရွှေစာရေး ၀ဲကြီးထဲပြုတ်ကျ ပျောက်ဆုံးနေတာပါ။ မနေ့က မိုးရွာတာ များတယ်။ ရေယာဉ် သံခွန်တွေဆိုတာ မိုးရွာရင်ချော်တယ်။ အခုဟာလဲ ခြေချော်ပြီး ပြုတ်ကျတာဖြစ်တယ်။” လို့ ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဝေ ကပြောပါတယ်။

အဲ့ဒီ ရွှေစာရေးဝဲကြီးထဲကို ပြုတ်ကျပျောက်ဆုံးနေတဲ့ ရဲတပ်ဖွဲ့ရဲ့ ရုပ်အလောင်းကို အမြန်ဆုံးပြန်လည် တွေ့ရှိနိုင်ဖို့ အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊  သစ်တောဝန်ထမ်းတွေ၊ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တွေနှင့် ဒေသခံတွေပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါတယ်။ ရွှေစာရေး ဒေသခံ ရေလုပ်သားတစ်ယောက်က “ဒီဝဲကြီးထဲကို အခုလို ပြုတ်ကျ ပျောက်ဆုံးတဲ့ ဖြစ်စဉ်တွေ ရှိဖူးတယ်။ ဒါပေမယ့် ရုပ်အလောင်း ပြန်ရတယ်ဆိုတာ မရှိဘူး။ ၀ဲထဲမှာဘဲ လှိုက်ပြီးစုပ်ထားတော့ ပြန်ရတယ်ဆိုတာ မရှိတာပါ။”လို့ ပြောပါတယ်။ အဲ့ဒါကြောင့် ချင်းတွင်းမြစ်ကြောင်းထဲမှာ ခုတ်မောင်းသွားလာနေတဲ့ ရေယာဉ်တွေဟာ အဲ့ဒီ ရွှေစာရေး ၀ဲကြီးနေရာကို ရောက်ပြီဆိုရင် အထူးဂရုပြုခုတ်မောင်းသွားလာရတယ်လို့ သိရပါတယ်။
မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!