နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၈ ဦးရှိတယ်လို့ ချင်းပြည်နယ်ရဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဖေကီးက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း ၂၁၀ ဦး ရှိပါတယ်။ အဲဒီထဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းက ၁၈ ဦးပါဝင်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုများလာတာလည်းဖြစ်ပါတယ်။
“ချင်းပြည်နယ်မှာ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၂၁၀ ဦးထဲမှာမှ အမျိုးသမီး ၁၈ ဦးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက်စာရင် အခုလာမယ့်ရွေးကောက်ပွဲမှာ အမျိုးသမီးပါဝင်မှုတွေက တိုးလာတယ်။ အမျိုးသမီးတွေပါဝင်လာတော့ အားလုံး တန်းတူဖြစ်သွားမှာပေါ့။ ပိုပြီးတော့ ကောင်းမွန်တယ်လို့ပဲ မြင်မိတယ်။”လို့ ချင်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဖေကီးက ပြောပါတယ်။
ချင်းပြည်နယ်မှာ နိုင်ငံရေးပါတီ ၁၂ ခုနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၁၇ ဉီး ရှိပါတယ်။ ချင်းပြည်နယ်အတွင်း ချင်းတိုင်းရင်းသားများပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ခူမီး(ခမီး)အမျိုးသားပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်သူ့ပါတီတွေ ဖြစ်ပါတယ်။ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်မှာ အမျိုးသား ၁၉၂ ဉီး၊ အမျိုးသမီး ၁၈ဉီး စုစုပေါင်း ၂၁၀ ဦးတို့က ယှဉ်ပြိုင်မှာဖြစ်ပြီး ပြည်သူ့လွှတ်တော်နေရာအတွက် ၄၉ ဦး၊ အမျိူးသားလွှတ်တော်နေရာအတွက် ၆၃ ဦးနှင့် ပြည်နယ်လွှတ်တော်နေရာအတွက် ၉၈ ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ ချင်းပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီ ၁၃ ခုက ကိုယ်စားလှယ်လောင်း ၂၀၂ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြတာပါ။ လာမယ့် အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်တစ်ခုလုံးမှာ ဆန္ဒမဲပေးခွင့်ရှိသူ ၃၄၆၁၄၂ ဦးရှိနေပြီး မဲရုံပေါင်း ၁၀၉၆ ရုံအထိ ဖွင့်လှစ်ဖို့ လျာထားတယ်လို့လည်း သိရပါတယ်။
သူရိယထက်