စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ တည်တောကျေးရွာတွင် Quarantine ဝင်နေတဲ့ ရန်ကုန်ပြန် အမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုးတွေ့ရှိရတယ်လို့ ကျေးရွာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့က နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာရယူကာ ဓာတ်ခွဲစမ်းသပ်ဖို့ မန္တလေးကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဒီမနက်မှာတော့ ကိုဗစ်ကပ်ရောဂါပိုးကူးစက်ခံထားရတာကို တွေ့ရှိခဲ့တာပါ။
“လူနာကိုတော့ ရွာက စာသင်ကျောင်း Quarantine Center မှာ သီးသန့်ထားထားပါတယ်။ အားလုံး ၂ ယောက်ရှိတာ။ တစ်ယောက်ကတော့ Negative ပါ။ လောလောဆယ်တော့ ဒီပဲယင်းမြို့ဆေးရုံကို ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။ ရွာကို ၆ ရက်နေ့က ပြန်ရောက်တာ။ မင်္ဂလာဒုံမြို့နယ်က ပြန်ခဲ့တာ။ သူနဲ့ကားအတူစီးခဲ့သူတွေကိုလည်း စာရင်းကောက်နေပါတယ်။”လို့ တည်တောကျေးရွာ လူမှုကူညီရေးအသင်းမှ ကိုအောင်နိုင်တင့်က ပြောပါတယ်။
ရောဂါပိုးအတည်ပြုလူနာက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ မူးကမ်းကြီး-ရန်ကုန် တိုက်ရိုက်ပြေးဆွဲတဲ့ ဝေဖြိုးအောင် လိုင်းကားနဲ့ စက်တင်ဘာလ ၆ ရက်နေ့က ပြန်လည်ရောက်ရှိလာတာပါ။ သူနဲ့အတူ ကားပေါ်မှာ ဘယ်နှစ်ယောက်ပါတယ်။ ဘယ်သူတွေပါတယ်ဆိုတာကိုတော့ စာရင်းကောက်ယူပြီး လိုအပ်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလအတွင်း မြို့နယ် ၁၀ မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၁၂ ဦးရှိပြီဖြစ်ပါတယ်။ အဲဒီထဲမှာ ကလေးမြို့က အမျိုးသားတစ်ဦးသာ တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ကျန်တာတွေက ပြည်တွင်းကူးစက်မှုတွေဖြစ်ပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ ကြေငြာချက်အရ လူနာသစ် ၇၃ ဦးရှိကာ စုစုပေါင်း ရောဂါပိုးကူးစက်ခံထားရသူ ၃၈၉၄ ဦး၊ သေဆုံးသူ ၄၆ ဦးနှင့် ဆေးရုံက ဆင်းခွင့်ရသူ ၉၀၈ ဦးရှိနေပြီဖြစ်ပါတယ်။
လွင်မင်း (မျက်မှောက်ခေတ်)