Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်

ကိုဗစ်ကပ်ရောဂါကြောင့် ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ လူစီးရေယာဉ်လိုင်းတွေကို ရက်အကန့်အသတ်မရှိ ယာယီပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အခြေပြုကာ ချင်းတွင်းမြစ်အထက်ပိုင်းကို  ပြေးဆွဲနေတဲ့ လူစီး ရေယာဉ်လိုင်းတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ကာ ပိတ်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၁၆ ရက်နေ့အထိ COVID 19 ရောဂါပိုးတွေ့ရှိသူ ၁၁ ဦးထိ ရှိလာပြီး ရောဂါကူးစက်မှုနှုန်း မြင့်မားတဲ့ ဒေသတွေကနေ တိုင်းဒေသကြီးအတွင်းကို ပြန်လည်ဝင်ရောက်လာသူတွေထံက အများဆုံးတွေ့ရှိလာနေရတာပါ။ ဒါကြောင့် ကိုဗစ်ကူးစက်မှု ထိထိရောက်ရောက် ထိန်းချုပ်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ကားလိုင်းတွေအပြင် ရေယာဉ်လိုင်းတွေကို ပိတ်ထားဖို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားတာပါ။

“စစ်ကိုင်းတိုင်းဒေသကြီးမှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းက တစ်ရက်နဲ့ တစ်ရက်များလာတယ်။ အဲဒါကြောင့် အသွားအလာကန့်သတ်လိုက်တာပါ။ ယာယီရပ်နားလိုက်တာပါ။”လို့ ဝန်ကြီး ဦးသန်းညွှန့်ဝင်းကပြောပါတယ်။

ခရီးသည်တင်ရေယာဉ်တွေကို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ပိတ်ထားပေမယ့် ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် ကုန်တင်ရေယာဉ်တွေကိုတော့ ပုံမှန် သွားလာခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။ ပုဂ္ဂလိကရေယာဉ်တွေက တိုင်းဒေသကြီး၊ ပြည်နယ်အနှံ့က ခရီးသည်တွေကို တင်ဆောင်ကာ ပို့ဆောင်နေရတာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါပိုး ကူးစက်နိုင်တဲ့အနေအထား ရှိတာကြောင့်  ချင်းတွင်းမြစ်အတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင် လူစီးရေယာဉ်တွေ (ကုန်တင်ယာဉ်မပါ)ကို ပြေးဆွဲခွင့် ရပ်နားထားစေရေးအတွက်  စက်တင်ဘာ ၁၄ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို ပုဂ္ဂလိက ရေယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီက တင်ပြခဲ့တာပါ။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ရေယာဉ်အသင်း ၄၆ အသင်း၊အစီးရေ ၃၄၆ စီးနှင့်ကုန်တင်ရေယာဉ်အသင်း ၁၉ အသင်း၊အစီးရေ ၆၀၄ စီးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန့်ကြားမှုဦးစီးဌာနမှ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးသို့ ပြေးဆွဲနေတဲ့ ခရီးသည် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေကိုလည်း စက်တင်ဘာ ၁၆ ရက်နေ့ကစကာ ပိတ်လိုက်ပြီး ကုန်တင်မော်တော်ယာဉ်တွေကိုတော့ ပုံမှန်ပြေးဆွဲခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

သူရိယထက်

error: Content is protected !!