Home > သတင်း > ကျန်းမာရေး > ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရ

ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့ ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေအပေါ် ခွဲခြားဆက်ဆံမှု ကြုံတွေ့နေရ

လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အတွင်း COVID-19 အတည်ပြုလူနာ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၃၉၀၀ နီးပါး ရှိလာပြီဖြစ်သလို သေဆုံးသူကလည်း ၄၆ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ တကျော့ပြန် ကူးစက်မှုမြင့်တက်လာတဲ့ ကမ္ဘာ့ကပ်ရောဂါကြီးဟာ နိုင်ငံအတွင်းက ကယားပြည်နယ်ကလွဲလို့ တိုင်းနှင့် ပြည်နယ်အားလုံးမှာ ကူးစက်လူနာတွေ တွေ့ရှိလာတာပါ။ ဒီလိုရောဂါကူးစက် ပျံ့နှံလာရာမှာ ပိုးတွေ့လူနာရှိတဲ့ရပ်ကွက်၊ ကျေးရွာနေပြည်သူတွေအပေါ် တခြားမြို့၊ ရွာ၊ ရပ်ကွက်နေပြည်သူ တစ်ချို့ကခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခံနေရတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက COVID-19 အတည်ပြုလူနာတွေ့ရှိထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြိုနယ် လွှဲတဲကျေးရွာမှာနေထိုင်တဲ့ အမျိုးသား တစ်ဦး ပြောပါတယ်။

“ကျွန်တော်တို့ရွာကလူတွေဆိုရင် ဘုတလင်ကို ဈေးသွား၀ယ်ရင်တောင် မရောင်းချင် တာလိုလိုရှိတယ်။ ပြီးတော့ ပြောင်သလိုလိုနဲ့ လွှဲတဲကလား။ လွှဲတဲကဆို မရောင်းဘူးလို့ပြောကြတာ။ ရွာကဈေးရောင်းနေကြတဲ့ ကုန်စိမ်းသည်တွေဆိုလည်း လာ၀ယ်တဲ့လူမရှိ တော့လို့မရောင်းကြတော့ဘူး။ ကျန်းမာရေးဆေးဆိုင်တွေဆိုလည်း လွှဲတဲကဆိုရင်ကို ကြောက်နေကြတယ်။”လို့ လွှဲတဲကျေးရွာမှာနေတဲ့ ဒေသခံတစ်ယောက်ကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ (၁၇) ရက်နေ့အထိ မြို့နယ် (၁၀) မြို့နယ်မှာ ကူးစက်လူနာ (၁၂) ယောက် တွေ့ရှိထားပါတယ်။ ကလေးမြို့နယ်မှာ (၃) ယောက်နဲ့ မြင်းမူ၊ ကောလင်း၊ အင်းတော်၊ မော်လိုက်၊ ဘုတလင်၊ မြောင်၊ အရာတော်၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်တွေမှာ ပိုးတွေ့လူနာ (၁) ယောက်စီ တွေ့ရှိထားတာပါ။ တန့်ဆည်မြို့နယ်မှာတော့ ပိုးတွေ့လူနာရှိတဲ့ ကျေးရွာနေပြည်သူတွေအပေါ် သိသာတဲ့ခွဲခြားဆက်ဆံမှုမျိုး မတွေ့ရပေမယ့် ကိုဗစ်ရောဂါပိုးဟာ မမြင်နိုင်တာကြောင့် စိုးရိမ်ကြောက်ရွံ့မှုတွေရှိကြတာကို တွေ့ရတယ်လို့ တန့်ဆည်မြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေက ပြောပါတယ်။

“ကျွန်တော်တို့ မြို့နယ်မှာတော့ ခွဲခြားဆက်ဆံတယ်ရယ်တော့ သိသိသာသာမတွေ့ရပါဘူး။ ဒါပေမယ့် ဒီရောဂါက မြင်ရတာမဟုတ်ဘူးလေ။ အဲ့ဒီတော့ ကြောက်ကြတာပေါ့။”လို့ ဦးကျော်ရွှေက ပြောပါတယ်။

COVID-19 ကပ်ရောဂါပိုးတွေ့လူနာတွေဟာ အခြေအနေအမျိုးမျိုးကြောင့် ကူးစက်ခံခဲ့ကြရတာဖြစ်ပြီး ပိုးတွေ့လူနာရဲ့ ဇာတိ၊ ရပ်၊ ရွာနေထိုင်သူတွေကလည်း ရောဂါပိုး တွေ့ရှိသူတွေမဟုတ်တဲ့အတွက် ပြည်သူအချင်းချင်း ဖေးမကူညီရင်း ကျန်းမာရေး၀န်ကြီးဌာကထုတ်ပြန်ထားတဲ့ COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ လိုက်နာရမယ့် စည်းကမ်းချက်တွေကို စနစ်တကျလိုက်နာနေထိုင်ကြဖို့ လိုအပ်နေပါတယ်။

error: Content is protected !!