Home > သတင်း > တရားဉပဒေစိုးမိုးရေး > ၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောက်ရန် စိုးရိမ်မှုတွေရှိနေ

၂၀၂၀ ရွေးကောက်ပွဲအတွက် အထူးရဲလျှောက်ထားသူတချို့ ကိုဗစ်-၁၉ ရောဂါကြောင့် သင်တန်းတက်ရောက်ရန် စိုးရိမ်မှုတွေရှိနေ

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် လုံခြုံရေးဆောင်ရွက်ဖို့ အထူးရဲအဖြစ် လျှောက်ထားသူ စစ်ကိုင်းတိုင်းမှာ ၄၁၀၀ ကျော်ရှိပါတယ်။ အထူးရဲအဖြစ် လျှောက်ထားသူတွေက လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ပိုးတွေ့ လူနာတွေ တနေ့တခြား များပြားလာနေလို့ သင်တန်းတက်ရောက်ရမှာကို ကြောက်ရွံ့နေတယ်လို့ သိရပါတယ်။

“အထူးရဲလုပ်ကိုင်ရမှာကို နှစ်သက်တယ်။ ၂၀၁၅ မှာလဲ လုပ်ခဲ့ပြီးပြီ။ ဝါသနာအရမို့ ဘာမှ အခက်အခဲမရှိပေမယ့် ဒီနှစ်မှာက ကိုဗစ်ရောဂါပိုးတွေ့ အတည်ပြုလူနာတွေက တနေ့ထက် တနေ့ များလာတော့ လူစုလူဝေးနဲ့ တက်ရောက်ရမယ့် အထူးရဲသင်တန်း တက်ရမှာကို ကြောက်တော့ ကြောက်တယ်။”လို့ အထူးရဲသင်တန်းတက်ရောက်မယ့် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ဝင် ဦးဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲရဲ့ မဲရုံတွေကို အနီးကပ် (အတွင်းစည်း) လုံခြုံရေး တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နေရာဒေသ အသီးသီးမှာ အထူးရဲ Special Police ခေါ်ယူစုဆောင်းထားတာဖြစ်ပါတယ်။ အဲ့ဒီ အထူးရဲ လျှောက်ထားသူ အားလုံးကို အောက်တိုဘာလ ၁ ရက်နေ့ကစလို့ တစ်လတာ သင်တန်းပို့ချသွားမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ လှိုင်းထနေတဲ့ အချိန်နဲ့ တိုက်ဆိုင်နေတာကြောင့် အထူးရဲလျှောက်ထာားသူတွေက သင်တန်းတက်ရောက်မှာကို ကြောက် ရွံ့နေကြတာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့ကလည်း မန္တလေးမြို့၊ ၆၆ လမ်းက ရဲအရာရှိ အတတ်သင်ကျောင်းမှာ စခန်းမှူး သင်တန်းတက် ရောက်လာတဲ့ စစ်တွေက ရဲအရာရှိတစ်ယောက်ဆီက ကိုဗစ်ရောဂါပိုးတွေ့ခဲ့တာကြောင့် သင်တန်းကို ဆိုင်ငံ့ပြီး သင်တန်းသားနှင့် နည်းပြ တစ်ရာကျော်ဟာ Quarantine ဝင်နေကြရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးက သင်ကြားပို့ချတဲ့ အထူးရဲ နည်းပြ (ဆင့်ပွား) သင်တန်း တက်ရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်နှင့် နည်းပြတွေလည်း Quarantine ဝင်နေရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ရဲလုပ်ငန်းတွေဆိုတာ ရပ်ထားလို့ နားထားလို့ မရဘူး။ လှည့်ကင်း၊ ဝပ်ကင်း၊ ရပ်ကင်း တွေကို မနားမနေ လုပ်နေတဲ့ကြားက ခိုးဆိုးလုယက် မှုခင်းတွေက နေရာအနှံ့နီးပါး ဖြစ်ပေါ်ပေါက်လာသေးတယ်။ အဲ့ဒီအပြင် မူးယစ်ဆေးဝါးနှင့် သယံဇာတ ခိုးထုတ်တဲ့ကိစ္စ မှုခင်းပိုင်းကလည်း နေ့စဉ်ဆိုသလို ဖြစ်နေတယ်။ ရဲလုပ်ငန်းဆိုတာ Social Services လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းဖြစ်တယ်။ အဲ့ဒါကြောင့် ကိုဗစ်-၁၉ ဆိုပြီး ကြောက်နေ၊ နားနေ၊ ရပ်နေလို့ မရဘူး။ ပြည်သူကို ဝန်ဆောင်မှုပေးနေရမှာပဲ။” လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေး ဌာနစိပ် တာဝန်ခံ ရဲအရာရှိ တစ်ဦးက ပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲအတွက် မုံရွာခရိုင်အတွင်းက မုံရွာမြို့မှာ (၁၉၁) ယောက်၊ အရာတော်မြို့နယ်မှာ (၁၂၃) ယောက်၊ ဘုတလင်မြို့နယ်မှာ (၁၀၀) ယောက်နှင့် ချောင်းဦး မြို့နယ်မှာ (၈၆ ) ယောက် တို့ကို လာမယ့် အောက်တိုဘာမှာ သင်တန်း ပို့ ချမှာဖြစ်ပါတယ်။

မေဇင်မြင့် (မျက်မှောက်ခေတ်)

error: Content is protected !!