Home > သတင်း > ကျန်းမာရေး > ကသာြမို့တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် မြို့နယ်အုပ်ချုပ်ရေးမှုး ညွှန်ကြားချက် ထုတ်ပြန်

ကသာြမို့တွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် မြို့နယ်အုပ်ချုပ်ရေးမှုး ညွှန်ကြားချက် ထုတ်ပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေအပါအ၀င် တခြားဆိုင်တွေကို ဆိုင်ထိုင်ခွင့်မပေးတော့ဘဲ ပါဆယ်စနစ်နဲ့သာ ရောင်းချကြဖို့ ကသာမြို့နယ်အုပ်ချုပ်ရေးမှုးက စက်တင်ဘာလ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ကုန်စည်တင်ဆောင်တဲ့ မော်တော်ယာဥ်တွေကို မောင်းနှင်ကြတဲ့ ယာဥ်မောင်းတွေနဲ့ ယာဥ်နောက်လိုက်တွေကိုလည်း မြို့တွင်းကို ၀င်/ထွက်ခွင့်မပြုတော့ဘဲ ကသာမြို့ ကားကြီးကွင်းနေရာမှာ ရပ်နားထားပြီး ကုန်တင်ကုန်ချ လုပ်ဆောင်ရမယ်လို့လည်း ပါရှိပါတယ်။ ဒါ့အပြင် ကုန်စည်တင်ဆောင်တဲ့ မော်တော်ယာဥ်တွေမှာလည်း ယာဥ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကလွဲလို့ တခြားခရီးသည်တွေကို မတင်ဆောင်ရဘူးလို့ ကသာမြို့နယ်အုပ်ချုပ်ရေးမှုးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အခုလို ထုတ်ပြန်ရတာက ကိုဗစ်ရောဂါ ကူးစက် ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ရာ အတွက် ရည်ရွယ်ထုတ်ပြန်တာလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးကနေ တိုင်းကျော်ပြေးဆွဲနေကြတဲ့ ခရီးသည်တင် မော်တော်ယာဉ်တွေကိုလည်း ရက်အကန့်အသတ်မရှိ ရပ်နားခွင့် ပိတ်ပင်လိုက်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂလိက မော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ကော်မတီဆီကနေ သိရပါတယ်။ အလားတူ မုံရွာကနေ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း မြို့နယ်တွေကို ပြေးဆွဲနေကြတဲ့ ချင်းတွင်းမြစ်ကြောင်းသွား ခရီးသည်တင်အမြန်ရေယာဉ်တွေအားလုံး ယာယီရပ်နားဖို့ရာအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရရုံးကို စာတင်ပြထားတယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်ကပ်ရောဂါကူးစက်မှုက စက်တင်ဘာလ ဒုတိယပတ်အတွင်း မြို့နယ်ပေါင်း ၈ မြို့နယ်မှာ လူဦးရေ ၁၀ ယောက်ထိ ကူးစက်မှု ရှိနေတာလည်းဖြစ်ပါတယ်။

error: Content is protected !!