Home > သတင်း > ကျန်းမာရေး > စစ်ကိုင်းတိုင်းမှာ တပတ်အတွင်း မြို့နယ် (၈) ခုမှာ ပိုးတွေ့လူနာ (၁၀) ဦးထိရှိလာ

စစ်ကိုင်းတိုင်းမှာ တပတ်အတွင်း မြို့နယ် (၈) ခုမှာ ပိုးတွေ့လူနာ (၁၀) ဦးထိရှိလာ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၅ ရက်နေ့ မနက်ပိုင်းအထိ တပတ်အတွင်း မြို့နယ် (၈) မြို့နယ်မှာ COVID-19 ပိုးတွေ့အတည်ပြုလူနာ (၁၀) ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။ ပိုးတွေ့ အတည်ပြုလူနာတွေက ကလေးမြို့နယ်က (၃) ယောက်၊ မြင်းမူ၊ ကောလင်း၊ အင်းတော်၊ မော်လိုက်၊ တန့်ဆည်၊ မြောင်နှင့် ဘုတလင်မြို့နယ်တို့မှာ (၁) ယောက်စီ တွေ့ရှိထားတာဖြစ်ပါတယ်။ တိုင်းအတွင်း ပိုးတွေ့လူနာ (၁၀) ယောက်ထဲမှာ အမျိုးသမီး (၅) ယောက်နှင့် အမျိုးသား (၅) ယောက်ဖြစ်ပြီး ကလေးမြို့နယ်က ပိုးတွေ့ လူနာအမျိုးသား (၁) ယောက်သာ ပြည်ပပြန်ဖြစ်ပါတယ်။ ကျန်တဲ့ (၉) ယောက်စလုံးကတော့ ပြည်တွင်း ကူးစက်မှုတွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စစ်ကိုင်းတိုင်းအတွင်းက ပိုးတွေ့လူနာအားလုံးကို သက်ဆိုင်ရာဆေးရုံတွေမှာ အနီးကပ် စောင့်ကြည့် ဆေးကုသမှုပေးနိုင်ဖို့ Isolation room တွေကိုပို့ဆောင်ထားပြီး လူနာတွေနဲ့ထိတွေ့ဆက်

စပ်သူတွေကိုလည်း Community Based Facility Quarantine ထားရှိကာ ဓာတ်ခွဲနမူနာယူတာတွေ ပြုလုပ်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက ပိုးတွေ့လူနာအများစုက ပြည်တွင်းကူးစက်မှုတွေဖြစ်တာကြောင့် ရောဂါကူးစက်မှုကို ဟန့်တားနိုင်ဖို့ တိုင်းကျော်ပြေးဆွဲနေတဲ့ ကားလိုင်းတွေကို ရက်အကန့်သတ်မရှိ ယာယီရပ်နားထားသလို ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ရေယာဉ်တွေကိုလည်း ရပ်နားခွင့်ပြုဖို့ တိုင်း ရ၊စ၊က က တိုင်းအစိုးရအဖွဲ့ကို တင်ပြထားပါတယ်။ တိုင်းအတွင်းမှာ COVID အတည်ပြုလူနာတွေဆက်တိုက် တွေ့ရှိလာနေတဲ့အတွက်လည်း တိုင်းအစိုးရအနေနဲ့ Stay At Home သတ်မှတ်မယ့် မြို့နယ်နှင့် ဆိုင်ထိုင်ရောင်းချခွင့် စတာတွေနဲ့ပတ်သက်လို့ အခုရက်ပိုင်းအတွင်းကျင်းပမယ့် ကတ်ဘိနက် အစည်းအဝေးကနေ ဆုံးဖြတ်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ လူမှုရေး၀န်ကြီးရဲ့ပြောပြချက်အရ သိရပါတယ်။

error: Content is protected !!