စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာအဝေးပြေးကားကွင်းကနေ တခြားမြို့တွေကို ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ COVID-19 ကပ်ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်း၊ လမ်းညွှန်ချက်တွေကို မလိုက်နာရင် ယာဉ်လိုင်း ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိက မော်တော်ယာဉ်များ စနစ်တကျပြေဆွဲနိုင်ရေးကော်မတီ ဥက္ကဌ ဦးရဲထွန်းအောင် ကပြောပါတယ်။ လတ်တလောအချိန်မှာ မုံရွာမြို့ကနေ ရခိုင်ပြည်နယ်နှင့် မြင်းခြံမြို့ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကလွဲပြီး တခြားယာဉ်လိုင်းတွေကို ရပ်နားထားဖို့မရှိသေးဘဲ ရောဂါနဲ့ပတ်သက်တဲ့ စည်းကမ်းတွေကိုသာ ကြပ်မတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ မော်တော်ယာဉ်လိုင်းတွေကို ကျန်းမာရေး၀န်ကြီးဌာနက သတ်မှတ်ထားတဲ့ ခရီးသည် အရေအတွက်အတိုင်း တင်ဆောင်ပြေးဆွဲခွင့် ပြုထားသလို၊ ပိုးသတ်ဆေးပါတဲ့ လက်သန့်စင်ဆေးရည်၊ နှာခေါင်းစည်း စတာတွေကို ယာဉ်ပေါ်မှာအသင့် တင်ဆောင်ထားပြီး ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာ ဆောင်ရွက်ကြဖို့ ညွှန်ကြားထားဖြစ်ပါတယ်။
“ကျန်းမာရေး၀န်ကြီးဌာနက ယာဉ်ပေါ်မှာတင်ဆောင်နိုင်တဲ့ ခရီးသည်အရေအတွက်ရဲ့ (၅၀) ရာခိုင်နှုန်းကိုပဲ တင်ဆောင်ခွင့်ပြုထားတာပါ။ ဒါကိုဖောက်ဖျက်ပြီး လူပိုတင်တာတို့၊ သတ်မှတ်စည်းကမ်း မလိုက်နာတာတို့ ရှိလာခဲ့ရင် ယာဉ်လိုင်းပိတ်တဲ့အထိ အရေးယူသွားမှာဖြစ်တယ်။”လို့ တိုင်း မ၊စ၊ကဥက္ကဌ ဦးရဲထွန်းအောင် ကပြောပါတယ်။
မုံရွာမြို့ အဝေးပြေးကားကွင်းမှာ တိုင်းဒေသကြီးအတွင်းနဲ့ တခြားတိုင်းနှင့် ပြည်နယ်တွေကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်း (၁၀၀)၀န်းကျင်ရှိပြီး လက်ရှိအချိန်မှာတော့ ကိုဗစ်ကပ် ရောဂါကြောင့် ခရီးသည်လိုက်ပါမှု နည်းနေတဲ့အတွက် ယာဉ်လိုင်း (၇၀) ၀န်းကျင်သာ ပြေးဆွဲနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးတွေ့လူနာ နေ့စဉ်တိုးနေပေမယ့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး မပြတ်တောက်ဖို့အတွက် အစိုးရက ပိတ်ထားတာမျိုး မရှိသေးပါဘူး။ လက်ရှိမှာတော့ ကိုဗစ်ကာကွယ်ရေးအတွက် မြို့တိုင်းမှာ ယာဉ်အဝင်အထွက် စစ်ဆေးတာတွေလည်း ပြုလုပ်နေကြပါတယ်။