စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာလအတွင်း ကန့်သတ်ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာမှုမရှိတဲ့ ဆိုင်ပေါင်း ၄၅ ဆိုင်ကို ဒဏ်ငွေတပ် အရေးယူထားတယ်လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဒုဦးစီးမှူး ဦးမင်းမင်းသန့်က ပြောပါတယ်။ မုံရွာမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာလအတွင်း ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိတဲ့ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်တွေကို သြဂုတ်လ ၆ ရက်နေ့ကနေ သြဂုတ်လ ၃၀ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ ညွန်ကြားချက် မလိုက်နာတဲ့ ဆိုင်ပေါင်း ၄၅ ဆိုင်ကို ဒဏ်ငွေတပ် အရေးယူခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဒဏ်ငွေရိုက်တာ ၄၅ ဆိုင်တော့ရှိပြီ။ စီမံခန့်ခွဲရေးဥပဒေအရ အရေးယူတာ။ တစ်ဆိုင်ကို ဒဏ်ငွေ ၅၀၀၀ ကျပ် ရိုက်ထားတာ။ အရင်ကတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ရောင်းဖို့ ခံဝန် လက်မှတ်ထိုးတယ်။ အခု ပထမဆုံးအကြိမ်အနေနဲ့ စည်းကမ်းလိုက်နာမှုမရှိဘဲ ဖောက်ဖျက်ရင်ဒဏ်ငွေရိုက်တာ။”လို့ ဒုဦးစီးမှုး ဦးမင်းမင်းသန့်က ပြောပါတယ်။
ဒဏ်ရိုက်ခံထားရတဲ့ဆိုင် ၄၅ ဆိုင်ထဲမှာ အများဆုံးက လ္ဘက်ရည်ဆိုင်တွေ ဖြစ်ပါတယ်။ ကွင်းဆင်းအရေးယူ ဆောင်ရွက်ရာမှာ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
“စားသောက်ဆိုင်တွေနှင့် စျေးသည်တွေက ချမှတ်ထားတဲ့စည်းကမ်းတွေကို လိုက်နာမှုအားနည်းပြီးတော့ ပေါ့လျော့လာတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကွင်းဆင်းစစ်ဆေးတာ။”လို့ မုံရွာမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးကျော်မျိုးဝင်းက ပြောပါတယ်။
ဒုတိယအကြိမ် ထပ်မံစစ်ဆေးရာမှာ စည်းကမ်းမလိုက်နာတဲ့ဆိုင်တွေကို ၃ ရက် ဆိုင်ပိတ် အရေးယူမှာဖြစ်ပါတယ်။ မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာလမှာ စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချခွင့်ပြုထားပြီး ဇွန်လကနေ ဆိုင်ထိုင်စားသောက်ခွင့်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ စားသောက်ဆိုင်တွေအားလုံးကို ပါဆယ်စနစ်နဲ့သာ ရောင်းချခွင့်ပေးတော့မယ်လို့လည်း သတင်းတွေထွက်ပေါ်နေပြီး သက်ဆိုင်ရာရဲ့ အတည်ပြုချက်တော့ မရရှိသေးပါဘူး။
သူရိယထက်