စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့က ကွန်ပျူတာစနစ်သုံး ပြေစာနဲ့ စည်ပင်အခွန်အခတွေ ကောက်ခံနိုင်ရေး သင်တန်းပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးအမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်က ပြောပါတယ်။ စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်တွေနှင့် မြို့စည်ပင်သာယာရေးအဖွဲ့တွေက အမှုဆောင်အရာရှိတွေနဲ့အတူ Video Conferencing System နဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းပေးအပ်မယ့် အခြေအနေတွေကို ပြောဆိုခဲ့တာပါ။
“၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ပထမအဆင့်အနေနဲ့ ပစ္စည်းခွန်ပြေစာတွေကို ရေးဆွဲထားတဲ့ Software ထည့်သွင်းပြီး ကွန်ပျူတာစနစ်သုံး ပြေစာနဲ့ ကောက်ခံနိုင်ရေးအတွက် သင်တန်းပေးမှာဖြစ်ပါတယ်။”လို့ ဦးသစ်ထူးမြင့်က ပြောပါတယ်။
ကွန်ပျူတာစနစ်သုံး ပြေစာထုတ်စနစ်နဲ့ ကောက်ခံနိုင်ရေးအတွက် သင်တန်းကို စက်တင်ဘာလ ဒုတိယအပတ်မှာ မုံရွာမြို့နယ်နှင့် အနီးအနားက မြို့နယ် ၁၅ မြို့နယ်ကို စတင်ပို့ချပေးမှာလည်း ဖြစ်ပါတယ်။
“ကျွန်တော်တို့က အဆင့်သင့်တော့ လုပ်ထားပြီးသား။ အခုဟာက ကိုဗစ်နဲ့ဆိုတော့ ခေါ်ဖို့အခက်အခဲဖြစ်နေတာ။ လောလောဆယ်မှာတော့ ၁၀ ယောက်လောက်ကို သူတို့ကွန်ပျုတာထဲကို Software ပေးလိုက်မယ်။ ကျွန်တော်တို့ဆီကနေ အွန်လိုင်းနဲ့ သင်တန်းပေးဖို့ လုပ်နေတယ်။ ရှေ့တစ်ပတ်မှာပဲ သင်တန်းစပေးမယ်။ သင်တန်းကတော့ တစ်ပတ်လောက်ပဲကြာမယ်။ အဲဒီသင်တန်းပြီးတာနဲ့ နောက်ထပ် ကျန်တဲ့ မြို့နယ်တွေထဲက ၁၅ မြို့နယ်ကို သင်တန်းဆက်လက်ပေးမှာပါ။”လို့လည်း ပြောပါတယ်။
အရင်က အခွန်အခစာရင်းပြုစုရာမှာ လူကိုယ်တိုင် ဆင်းကောက်ရတာ၊ လက်ရေးမူနဲ့ ရေးသာတာအပြင် လူအများကြီးအသုံးပြုရတာ စတဲ့ လူကိုအခြေခံတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အခုက နည်းပညာအကူအညီနဲ့ ကွန်ပျုတာစနစ်ကို အသုံးပြုတဲ့အတွက် အချိန်ကုန်တာ၊ လူအင်အားအသုံးပြုရတာတွေမှာ အများကြီးသက်သာသွားစေမှာဖြစ်ပြီး ဝန်ထမ်းအခက်အခဲကို ဖြေရှင်းနိုင်မှာဖြစ်သလို စာရွက်စာတမ်းအတုပြုလုပ်တာ၊ ငွေကြေးအလွဲသုံးစားလုပ်တာ၊ ကွာဟတာတွေကိုလည်း ထိန်းကျောင်းလာနိုင်မှာလည်းဖြစ်ပါတယ်။ သင်တန်းပေးပြီးသား မြို့နယ်တွေမှာ လမ်းမီးခွန်၊ အမှိုက်ခွန်နှင့် အိမ်ခွန်တွေကို ကွန်ပျူတာစနစ်သုံး ပြေစာထုတ်စနစ်နဲ့ စတင် စမ်းသပ် အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။
သူရိယထက်